လဲချား ၁၆ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် နမ့်တုတ်ကျေးရွာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးကို ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျေးရွာ၌ ကျေးလက်မီးလင်းရေးဖွင့်ပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်တို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသင်းကိုကိုက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပက်သက်၍လည်းကောင်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဝမ်ဝုမ်၊ နမ့်တုတ်၊ ပန်ဟုန်း၊ ပါမိုက်ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ၁၁ကေဗွီဓာတ်အားလိုင်း (၅.၃)မိုင်၊ ထရန်စဖော်မာ(၄)လုံး တည်ဆောက်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကုန်ကျစရိတ်မှာ (၂၀၁ ဒသမ ၁၅)သန်း ဖြစ်ကြောင်း၊ မီးလင်းနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသော ၄၀ဝ ဗို့ ဓာတ်အားလိုင်းများအား ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်၍ အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကျေးလက် မီးလင်းရေးလုပ်ငန်းဖြင့် နမ့်တုတ် ကျေးရွာမှ သာသနိက အဆောက်အဦ အပါအဝင် ဒေသခံပြည်သူများ၏ အိမ်ထောင်စု စုစုပေါင်း ၄၀ အတွက် ကျေးလက်မီးရရှိပြီဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)