လဲချား ၁၉ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်ကမြို့နှင့် အလှမ်းဝေးသော ဝေးလံခေါင်ဖျား ဒေသများ အရောက် သက်ဆိုင်ရာလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က မြို့နယ်ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာဌာန လုပ်ငန်းများကို ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြေားကြားခဲ့ပြီး၊ ဝမ်ယိမ်းကျေးရွာအုပ်စု၊ ပန်တန်ကျေးရွာမှ တောင်သူ(၅၅) ဦး၏ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို တာဝန်ရှိသူများက အသီးသီးပေး အပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်လ.ဝ.ကနှင့် ကျန်းမာရေးဦးစီးဌာနတို့က မွေးစာရင်း မလုပ်ရသေးသူများအား မွေးစာရင်း လုပ်ပေးခြင်း၊ အိမ်ထောင်စုဇယားအတွင်း ထည့်သွင်းပေး ခြင်းနှင့် တက်ရောက်လာသူတစ်ဦးချင်းအား ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက တောင်သူများကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်(၂)ဦး နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများ က ဝမ်ယိမ်းကျေးရွာအုပ်စု၊ ဝမ်ကတ်ကျေးရွာ၊ အ.လ.ကခွဲကျောင်းသို့သွားရောက်၍ ကလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲများ ဆောင်ရွက် ပေးခြင်း၊ စာပေ၏အကျိုးကျေးဇူးများဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ကလေးများအား ဆရာဝန်များကိုယ်တိုင် ကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးများဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ် သွား ဆရာဝန် ဒေါက်တာမင်းထိုက်နှင့် ဝန်ထမ်းများက ကျောင်းသူ/ကျောင်းသားများအား သွား တိုက်ဆေးများအခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံ ရေးလုပ်ငန်းကော်မတီဝင်များက ဝမ်ယိမ်းကျေးရွာအုပ်စု၊ ပန်မန်တိုင်းကျေးရွာ စာသင်ကျောင်း ဆောင်ဆောက်လုပ်ပြီးစီးမှု အခြေအနေအား သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ကေသီ(ပြန်/ဆက်)


