လဲချား ၁ ဇန်နဝါရီ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းရှိ ပန်တန်၊ ဖာလံ၊ ဝမ်ယိမ်း ကျေးရွာတို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းအတွက် ဓာတ်မြေသြဇာနှင့် ပဲပုတ်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော် ဇေယျ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းသန်းစိန်၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်ညို၊ ကျေးရွာအုပ်စု (၃) အုပ်စုမှ အုပ်ချုပ်ရေးမှူး (၃) ဦးနှင့် ဒေသခံတောင်သူများ စုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့သည်။ 

 

ထို့နောက် ပြည်သူ့လွှတ်တော်ကို ယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးတို့မှ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးတို့မှ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ ၃၈ အိတ်နှင့် လယ်မြေ (၁၅) ဧက စိုက်ပျိုးရန် ပဲပုတ်မျိုးစေ့များ ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စု ဒေသခံတောင်သူများမှ လက်ခံရယူခဲ့သည်။ 

 

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးစန်းလွင်တို့မှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ အခြားနည်း အသုံးချခွင့်နှင့် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇) လျှောက်ထားဆောင် ရွက်ရမည့် နည်းလမ်းများအား အသိပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

မြို့နယ်(ပြန်/ဆက်)