လဲချား သြဂုတ် ၂၈

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက်ပိုင်းက ဟိုရင်ကျေးရွာ၊ နမ့်ကျေးရွာ၊ နောင်ပန်ကျေးရွာ၊ နောင်မိန်းကျေးရွာနှင့် ဝမ်ဟိုင်းကျေးရွာတို့၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များထံသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ဟိုရင်ကျေးရွာ၌ စီမံကိန်းဝင်အသင်းသူ၊ အသင်းသား ၈၄ ဦးကို ရန်ပုံငွေကျပ် ၅၁ ဒသမ ၃၅ သန်း၊ နမ့်ကျေးရွာ၌ စီမံကိန်းဝင်အသင်းသူ၊ အသင်းသား ၉၅ ဦးကို ရန်ပုံငွေကျပ် ၄၈ သန်း၊ နောင်ပန်ကျေးရွာ၌ စီမံကိန်းဝင်အသင်းသူ၊ အသင်းသား ၈၃ ဦးကို ရန်ပုံငွေကျပ် ၅၁ ဒသမ ၂ သန်း၊ နောင်မိန်းကျေးရွာ၌ စီမံကိန်းဝင်အသင်းသူ၊ အသင်းသား ၁၈၀ ဦးကို ရန်ပုံငွေကျပ် ၅၀ ဒသမ ၈ သန်းနှင့် ဝမ်ဟိုင်းကျေးရွာ၌ စီမံကိန်းဝင်အသင်းသူ၊ အသင်းသား ၆၁ ဦးကို ရန်ပုံငွေကျပ် ၅၁ သန်း၊ စုစုပေါင်းစီမံကိန်းဝင် အသင်းသူ၊ အသင်းသား ၅၀၃ ဦးကို ရန်ပုံငွေကျပ် ၂၅၂ ဒသမ ၃၅ သန်းကို တာဝန်ရှိသူများက ထုတ်ချေးပေးခဲ့ကြသည်။

 

မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများ၏ ဆင်ရဲမှု လျော့ချစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် အဆိုပါကျေးရွာများ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို သတ္တမအကြိမ်မြောက် ထုတ်ချေးခြင်းဖြစ်ကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)