mdn

နေပြည်တော် ၁၇ နိုဝင်ဘာ

 

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပခဲ့သော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ အစည်းအဝေးတွင် မြန်မာ၊ အီရန်၊ ယူကရိန်း၊ ဆီးရီးယားနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် သက်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအား ဦးတည်ချမှတ်သော ဆုံးဖြတ်ချက်အဆို (မူကြမ်း) (၅) ခုကို အရေးယူဆောင်ရွက်ခဲ့သည်။

 

အိုအိုင်စီနှင့် အီးယူတို့ပူးတွဲတင်သွင်းသော နိုင်ငံရေးအရ ဖိအားပေးသည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသော ဆုံးဖြတ်ချက်အဆို(မူကြမ်း)ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီးက ဆုံးဖြတ် ချက်အဆို (မူကြမ်း)အား အရေးယူဆောင်ရွက်ခြင်းမပြုမီ အထွေထွေမိန့်ခွန်းနှင့် မဲခွဲဆုံးဖြတ်ပြီးနောက် မဲရလဒ်အပေါ် ပြတ်ပြတ်သားသား ကန့်ကွက် တုံ့ပြန်ပြောကြားခဲ့သည်။

အထွေထွေမိန့်ခွန်းတွင်ပါသည့် အဆိုမူကြမ်းသည် အများသိထားကြပြီးဖြစ်သည့် သိမ်မွေ့နက်နဲရှုပ်ထွေးသော ရခိုင်ပြည်နယ်အရေးကိစ္စကို ဆိုးဆိုးရွားရွား လွဲမှားစွာပုံဖော်ထားသည်။ ရခိုင်ပြည်နယ်အရေးကိစ္စသည် ဘာသာရေးဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းပြဿနာမဟုတ်သကဲ့သို့ အသိုက် အဝန်းတစ်ခုကို နိုင်ငံအတွင်းမှ မောင်းထုတ်လိုက်သည့် လုပ်ရပ်မျိုးလည်း မဟုတ်ပေ။ ပြဿနာသည် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းမှု၊ ဆင်းရဲမှု၊ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးရဲမှု စသည်တို့အပါအဝင် ရှုပ်ထွေးသည့် နိုင်ငံရေးနှင့် စီးပွားရေးအရင်းခံ အကြောင်းတရားဖြစ်ရာ ယင်းကို ဓမ္မဓိဋ္ဌာန် ကျကျ မလေ့လာဘဲ လွဲမှားစွာပုံဖော်ထားသည့် အိုအိုင်စီနှင့် အီးယူတို့၏ တတိယကော်မတီသို့တင်သွင်းသော နိုင်ငံရေးအရ ဖိအားပေးသည့် ဆုံးဖြတ် ချက်အဆို (မူကြမ်း)ကို မြန်မာနိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားကန့်ကွက် ရမည်သာဖြစ်သည်။

 

အုပ်စုတူနိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံရေးလိုအင်အတွက် ၎င်းတို့ သဘောမတွေ့သည့်နိုင်ငံများအပေါ် အုပ်စုလိုက် ဖိအားပေး၊ အုပ်စုလိုက် မဲပေးသော အသုံးချသည့်အလေ့အထကို မရိုးနိုင်အောင် အကြိမ်ကြိမ်တွေ့ခဲ့ ရပြီးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအကြား လူ့အခွင့်အရေးကိုအကြောင်းပြု၍ ခွဲခြားဆက်ဆံသည့် လုပ်ဆောင်မှု သည် နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိရမည်ဆိုသည့်အချက်ကို စောင့်ထိန်းလိုက်နာမှုမရှိခြင်း၊ မျှတမှုနှင့် သမာသမတ်ကျမှုမရှိခြင်း၊ စံနှုန်းနှစ်မျိုးဖြင့် ခြွင်းချက်ထားသည့် မူဝါဒကိုကျင့်သုံးခြင်း၊ ပစ်မှတ်ထား ရွေးချယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

 

တတိယကော်မတီအနေဖြင့် နိုင်ငံငါးနိုင်ငံအပေါ် မည်သို့ပင်ဖိအားပေး ဆုံးဖြတ်စေကာမူ ဖိနှိပ်ခံရသော နိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံ၊ ၎င်းတို့ အစိုးရ၊ ၎င်းတို့မူဝါဒများနှင့်အညီ ခိုင်ခိုင်မာမာ ရပ်တည်တုံ့ပြန်ကြမည်သာ ဖြစ်သည်။ အဆိုးမြင်စေရန် မမှန်မကန်ပုံဖော်ထားသည့် စိတ်ကြိုက် အာဘော်တွင် မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အင်တိုက်အားတိုက် ကြိုးပမ်းဖြေရှင်းဆောင်ရွက်မှုများကို လျစ်လျူရှုထား သော်လည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် မိမိတို့၏ ဆောင်ရွက်ဖွယ်ရာကိစ္စများကို စိတ်ရင်းစေတနာ မှန်ကန်စွာ ဖြင့် ဆက်လက်ဆောင်ရွက်သွားပေလိမ့်မည်။

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ၏စွပ်စွဲချက်များ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ဇွတ်အတင်း ငြင်းပယ်တုံ့ပြန်နေခြင်း မဟုတ်ဘဲ ပြည်ပမှ ယုံကြည်စိတ်ချရသူများပါဝင်သည့် သီးခြားလွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကိုဖွဲ့စည်း၍ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် ဖွဲ့စည်းဆောင်ရွက်နေသည်။ ပေါ်ထွက်လာမည့် တွေ့ရှိချက်များအပေါ် ထိုက်သင့်သည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုသည်သာ မှန်ကန်သည့် လုပ်ဆောင်မှုဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအပေါ်တွင် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ဖိအားပေးခြင်း၊ ပစ်မှတ်ထားဖိနှိပ်ခြင်းဖြစ်သည့် မည်သည့်ဆုံးဖြတ်ချက်မျိုး ကိုမဆို မြန်မာနိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် တုံ့ပြန်သွားရမည်သာ ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ