ရန်ကုန် ၁၈  ဩဂုတ်

 

မဲခေါင်ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက်သစ်သီးများ ထုတ်ကုန်ပြုလုပ်ခြင်း နည်းစနစ်များဖြင့် စမ်းသပ်လေ့လာခြင်းကဏ္ဍနှင့်အစားအသောက် ထုတ်ကုန်များ၏ တန်ဖိုးနှင့် ထုတ်လုပ်ခြင်း မြှင့်တင်ရေး ကဏ္ဍတို့အတွက် လန်ချန်-မဲခေါင်ဒေသအတွင်းနိုင်ငံ အချင်းချင်းပူးပေါင်း ဆောင်ရွက်သော အစီအစဉ်ဖြစ်သည့် Lancang –Mekong Cooperation Special Fund Projects 2020 အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ Melia Hotel တွင် ကျင်းပသည်။

 

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းခိုင်မိုးက “မဲခေါင် -လန်ချန်း Special Fund Projects မှာ လုပ်ငန်း ၄ ခု ရထားပြီးတော့ ၂ ခုကို ၂၀၂၀ ပြည့်နှစ်မှာ ရရှိပါတယ်။မတ်လထဲက အကောင်အထည်ဖော်ဖို့ပါ၊ ကိုဗစ်-၁၉ ရောဂါကြောင့် အခြား ၅ နိုင်ငံကို ဖိတ်ကြားဖို့အခက်အခဲရှိပါတယ်။ တန်ဖိုးမြင့် ထုတ်ကုန်တွေထုတ်လုပ်ဖို့ နည်းပညာတွေနဲ့ ဆောင်ရွက်ဖို့ရှိပါတယ်။ ကျွန်တော်တို့ဌာန အနေနဲ့ လန်ချန်း-မဲခေါင် စီမံကိန်း ၄ ခု ရထားတာကြောင့် ရရှိတဲ့ ဘတ်ဂျက်ကို အကျိုးရှိရှိနဲ့ တိတိကျကျ ဆောင်ရွက်သွားမှာပါ။ ကျန်တဲ့စီမံချက် နှစ်ခုကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ဆောင်ရွက်ဖို့ရှိပါတယ်။ ဆန်းသစ်တဲ့ နည်းပညာကို အသုံးပြုပြီး လယ်ယာထွက် ကုန်တွေတန်ဖိုးမြင့် ပစ္စည်းများရရှိဖို့ အပြန်အလှန် ဖလှယ်သွားဖို့လည်း ရှိပါတယ်ဟု ပြောကြားသည်။

 

၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှမြန်မာနိုင်ငံသို့ စိုက်ပျိုးရေး၊ ပညာရေးနှင့် အိုင်စီတီ ကဏ္ဍတို့တွင် အသုံးပြုရန် စီမံကိန်း ၂၂ ခုအတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၇ သန်းကျော် ထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံအတွက် သစ်သီးများထုတ်ကုန်ပြုလုပ်ခြင်း အသေးစိတ်နည်းစနစ်များ စမ်းသပ်လေ့လာမှု အားတစ်နှစ်တာ စီမံကိန်းအဖြစ် လည်းကောင်း၊ အစားအသောက်ထုတ်ကုန်များ၏ တန်ဖိုးနှင့် ထုတ်လုပ်ခြင်းမြှင့်တင်ရေး ကဏ္ဍအတွက် ၂ နှစ်တာ စီမံကိန်းအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မဲခေါင်မြစ်အား တရုတ်နိုင်ငံတွင် လန်ချန်ဟု ခေါ်တွင်ပြီး ယူနန်နယ်မှ စီးဆင်ကာ မြစ်အောက်ပိုင်းနိုင်ငံများ ဖြစ်သောမြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်း စီးဆင်း၍ ကီလိုမီတာ  ၄၈၈၀ ရှည်လျားပြီး ၇၉၅၀ဝ၀ စတုရန်ကီလိုမီတာ ဧရိယာ ရှိသောကြောင့် လူသန်းပေါင်း ၃၂၆ သန်းကို အလုပ်အကျွေးပြုလျက်ရှိရာ ရေမြေသဘာဝတူညီသော လန်ချန်း-မဲခေါင် ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အိမ်နီးချင်းကောင်းများ ပီသစွာလုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာအကျိုးစီးပွားများကို မျှဝေရရှိရန် ဤမဲခေါင်-လန်ချန်းစီမံကိန်းကို ဖော်ဆောင်ခြင်းဖြစ်သည်။

 

 “လန်ချန်-မဲခေါင် စီမံချက်အနေနဲ့ မြန်မာနိုင်ငံမှာ စီမံကိန်း ၅၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆၀ မီလီယံ ချထားပါတယ်။ အဓိက လယ်ယာစိုက်ပျိုးရေးနဲ့ ငါးမွေးမြူရေး ကဏ္ဍလည်း ပါပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုပြီးအလေးထားပါတယ် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံရုံးမှ First Secretary ဖြစ်သူMr.Su Zhe က ပြောသည်။ 

 

ခြောက်နိုင်ငံ ပူးပေါင်းဆောင်ရွက်သော လန်ချန်-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး နှင့်လူမှုရေးတိုးတက်မှုကို အားဖြည့်ပေးရန်နှင့် ဒေသတွင်းနိုင်ငံများ အကြားဖွံဖြိုးတိုးတက်မှု ကွာဟချက်အား လျော့ကျစေလျက် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်၍ ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ ပြည့်နှစ် အစီအစဉ်နှင့် South-South Cooperation ကဏ္ဍတို့ကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ယခုဆောင်ရွက်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းနှစ်ခုသည် စိုက် ပျိုးရေးထုတ် ကုန်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်ထားရှိပြီး စိုက်ပျိုးရေးကဏ္ဍနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကိုပူးပေါင်း အဖြေရှာရန်၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကို ပူးတွဲမြှင့်တင်နိုင်ရန်နှင့် ခေတ်မီနည်းပညာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေမည့် ဆန်းသစ်သော နည်းပညာ ဖလှယ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်