မန္တလေး ၂၇ ဇန်နဝါရီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Lancang – Mekong Cultural Exchange Youth Camp သို့တက်ရောက်ရန်အတွက် လန်ချန်း - မဲခေါင် ဒေသရှိ အဖွဲ့ဝင် (၆)နိုင်ငံမှ အနုပညာရှင်လူငယ်များသည် ယနေ့တွင် မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

အဆိုပါ တွေ့ဆုံပွဲကို မန္တလေးမြို့ရှိ ရွှေပြည်သာဟိုတယ်၌ ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး လန်ချန်း - မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာရှင် လူငယ် (၂၉) ဦး တက်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအလိုက် စာတမ်းများဖတ်ကြားခြင်း၊ ဒေသထွက်ရိုးရာလက်မှု ပညာ အရုပ်များ ဖန်တီးပြုလုပ်ခြင်းနှင့် အနုပညာဖျော်ဖြေတင်ဆက်ပွဲများကိုလည်း တွေ့ဆုံပွဲအတွင်း ထည့်သွင်းပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိ ဘုရားကြီးသို့ သွားရောက်ဖူးမြော်ပြီး မျက်ပါးရပ် ရွှေဆိုင်းခတ်လုပ်ငန်း၊ တပ္ပဝတီရပ်ရှိ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများ၊ ကြေးသွန်းလုပ်ငန်းများနှင့် တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်

