ထရီပိုလီ ၂၆  ဇူလိုင်

လစ်ဗျားကမ်းခြေ၌ ရွှေ့ပြောင်းသွားလာသူများ လိုက်ပါလာသည့် ဒုက္ခသည်လှေ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ရွှေ့ပြောင်းသွား လာသူ ၁၀ဝ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောကြားခဲ့သည်။

ထရီပိုလီမြို့မှ ကီလိုမီတာ ၁၀ဝ (မိုင် ၆၀) အကွာ ခွမ်စ်မြို့ ကမ်းခြေ၌ ဒုက္ခသည်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လစ်ဗျားရှိ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ Safa Msehli  က ပြောကြားခဲ့သည်။ လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီးနောက် လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ရွှေ့ပြောင်းသွားလာသူ ၁၄၅ ဦးကို ကယ်ဆယ်ခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့သူများက လူ ၁၅၀ ကျော် ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။

လူ ၁၃၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူတစ်ဦး၏ အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်းနှင့် ရွှေ့ပြောင်းသွားလာသူ ၁၁၅ ဦး ပျောက်ဆုံးနေသေးကြောင်း လစ်ဗျားရေတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အာယွတ်ကာဆင်မ်က ပြောကြားခဲ့သည်။ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရွှေ့ပြောင်းသွားလာသူ ၂၅၀ ခန့်ကို တင်ဆောင်လာသည့် သစ်သားလှေသည် ကမ်းခြေမှ မိုင်အနည်းငယ်အကွာတွင် နစ်မြုပ်သွားခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသည့် ရွှေ့ပြောင်းသွားလာသူများထဲမှ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ရွှေ့ပြောင်းသွားလာသူများသည် လှေသုံးစင်းဖြင့် ပင်လယ်ထဲသို့ ထွက်ခွာလာခဲ့ဟန်ရှိကြောင်း နယ်စည်းမထားဆရာဝန်များ ပရဟိတအဖွဲ့မှ အကြီးအကဲ ဂျူလီဟန်ရက်မန်က အေအက်ဖ်ပီ သတင်းသို့ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့သည်။ ကယ်ဆယ်ခဲ့သည့် ရွှေ့ပြောင်းသွားလာသူအများစုမှာ အီသီယိုပီးယားနိုင်ငံမှဖြစ်ပြီး ပါလက်စတိုင်းနှင့် ဆူဒန်နိုင်ငံများမှလည်း ပါဝင်ကြောင်း သိရသည်။

အေအက်ဖ်ပီ