ဧပြီ ၄
နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း ( အိုင်အိုအမ် )က လွန်ခဲ့သောသီတင်းပတ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၃၄၄ ဦးအား ကယ်ဆယ်ရရှိခဲ့ပြီး လစ်ဗျားနိုင်ငံသို့ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ယမန်နေ့က ပြောကြားသည်။
မတ်လ ၂၆ ရက်နှင့် ဧပြီလ ၁ ရက်နေ့အတွင်း အမျိုးသမီး ၂၄ ဦးနှင့် ကလေး ၁၀ ဦး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အိုင်အိုအမ်က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
မြေထဲပင်လယ်အလယ်ပိုင်း လစ်ဗျားကမ်းလွန်တွင် ယခုနှစ် ယခုအချိန်အထိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၆၉ဦး သေဆုံးပြီး အခြား ၁၇၂ ဦး ပျောက်ဆုံးနေကြောင်းနှင့် ၄၂၄၁ ဦးကိုကယ်ဆယ်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
၂၀၂၂ ခုနှစ်က ရွှေ့ပြောင်းနေထိုင်သူ ၂၄၆၈၄ ဦးအားကယ်ဆယ်ခဲ့ပြီး လစ်ဗျားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူ ၅၂၅ ဦး သေဆုံးခဲ့ပြီး လစ်ဗျားကမ်းလွန်တွင် ၈၄၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အိုင်အိုအမ်က သတင်းထုတ်ပြန်ထားသည်။
၂၀၁၁ ခုနှစ်က လစ်ဗျားခေါင်းဆောင်ကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း လစ်ဗျားနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူအများအပြားသည် ဉရောပကမ်းခြေများသို့ရောက်ရှိရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို