လစ်ဗျားမှ ဖမ်းဆီးထားသည့် အကြမ်းဖက်သမားတစ်ဦး အီဂျစ်သို့ လွှဲပြောင်းပေးအပ်

၂၉ မေ

လစ်ဗျားအမျိုးသားတပ်မတော် (LNA) က ဖမ်းဆီးထိန်းသိမ်းခဲ့သော အလိုရှိအကြမ်းဖက်သမားအများစုအနက်တစ်ဦး ဖြစ်သော Hisham al-Ashmawi ကို လစ်ဗျားမှ အီဂျစ်သို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ဒေသခံမီဒီယာက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

နောက်ထပ်အလိုရှိသော အကြမ်းဖက်သမားကိုလည်းပဲ လစ်ဗျားအမျိုးသားတပ်မတော် (LNA) မှ အီဂျစ်အာဏာပိုင်များဆီသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့သည်။

Abu Omar El-Mohager အဖြစ် သိကြသည့် Al-Ashmawi သည် အီဂျစ်နိုင်ငံရှိ တိုက်ခိုက်မှု အများအပြားနှင့် ဆက်စပ်သည့် အန္တရာယ်အများဆုံး အကြမ်းဖက်သမားများထဲတွင် ပါရှိသည်ဟု ယူဆခဲ့သည်။

အီဂျစ်နယ်ခြားစောင့်တပ်သား ၂၂ ဦး သေဆုံးခဲ့သည့် ၂၀၁၄ ခုနှစ်က New Valley အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် အခြားအကြမ်းဖက်သမား ၁၃ ဦး နှင့်အတူ ၎င်းကို အီဂျစ်စစ်တပ်တရားရုံးက သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို