ထရီပိုလီ ဩဂုတ် ၂၈

 

လစ်ဗျားနိုင်ငံ၏ မြို့တော်ထရီပိုလီ၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂၃ ဦးရှိလာခဲ့ကြောင်း  လစ်ဗျားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၇ ရက် တွင် ပြောကြားသည်။

 

အဆိုပါပဋိပက္ခဖြစ်ပွားမှုကြောင့် မြို့တော်ထရီပိုလီရှိ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ စင်တာ အများအပြား ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် ဆေးဘက်ဆိုင်ရာအဆောက် အအုံများအား တိုက်ခိုက်မှုများကို ရှောင်ရှားသင့်ကြောင်း လစ်ဗျားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

 

ထရီပိုလီမြို့၏ ဒေသအများအပြား၌  ပြိုင်ဘက်အစိုးရနှစ်ရပ်နှင့် ဆက်နွှယ်မှုရှိသည့် လက်နက်ကိုင် အဖွဲ့များ၏ ဩဂုတ် ၂၆ ရက်နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၄၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော သတင်းများ ထွက်ပေါ်လာပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေဖြင့် အလွန်အမင်း စိုးရိမ်လျက်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က ဩဂုတ် ၂၇ ရက် သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားခဲ့သည်။

 

လစ်ဗျားနိုင်ငံအား နိုင်ငံရေးအကျပ်အတည်းမှ  လွတ်မြောက်ရေး ကုလသမဂ္ဂ က အကူအညီပေးရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်