ထရီပိုလီ ဇူလိုင် ၂၅
လစ်ဗျားနိုင်ငံသည် နေ့စဉ်ရေနံထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၂ သန်းအထိ တိုးမြှင့် ထုတ်လုပ်မည်ဖြစ်ကြောင်း လစ်ဗျားနိုင်ငံပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်းက ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
လစ်ဗျားနိုင်ငံပိုင် အမျိုးသားရေနံကော်ပိုရေးရှင်းသည် ရေနံထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် နေ့စဉ်ရေနံထုတ်လုပ်မှုကို ရေနံစည်ပေါင်း ၅၆၀၀၀၀ ထုတ်လုပ်နေရာမှ ရေနံ စည်ပေါင်း ၈၆၀၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း ပြောကြားသည်။
လစ်ဗျားနိုင်ငံ၌ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံ၏ ရေနံမြေများနှင့် ရေနံဆိပ်ကမ်းများကို သုံးလကြာ ပိတ်ထားခဲ့ပြီးနောက် မကြာသေးမီက ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း လစ်ဗျားနိုင်ငံပိုင် အမျိုးသားရေနံ ကော်ပိုရေးရှင်းက ကြေညာခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့သည် လစ်ဗျားနိုင်ငံ၏ ဝင်ငွေရရှိမှုအတွက် အဓိကအရင်းအမြစ်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်များအတွင်းက ရေနံမြေများနှင့် ရေနံဆိပ်ကမ်းများကို ပိတ်ထားခဲ့ရကြောင်းလည်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်