ထရီပိုလီ၊ ဇန်နဝါရီ ၉

 

၂၀၂၃ ခုနှစ်တွင် လစ်ဗျားနိုင်ငံ၏ ရေနံဝင်ငွေသည် လစ်ဗျားဒိုင်နာ ၁၁၁ ဒသမ ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၃ ဘီလီယံခန့်) ရှိကြောင်း လစ်ဗျား ဗဟိုဘဏ်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

 

လစ်ဗျားနိုင်ငံ၌ ရေနံနှင့်စပ်လျဉ်းသော ရငွေ စုစုပေါင်း၏ ဒိုင်နာ ၉၉ ဒသမ ၁ ဘီလီယံသည် ရေနံ ရောင်းရငွေဖြစ်ပြီး ဒိုင်နာ ၁၂ ဒသမ ၃ ဘီလီယံသည် ရေနံမှရရှိသည့် အခွန်ငွေများဖြစ်ကြောင်း လစ်ဗျား ဗဟိုဘဏ်က ဆိုသည်။

 

နိုင်ငံ၏စုစုပေါင်းအများပြည်သူရငွေမှာ ၂၀၂၃ ခုနှစ်တွင် လစ်ဗျားငွေကြေး ဒိုင်နာ ၁၂၅ ဒသမ ၉ ဘီလီယံဖြစ်ပြီး အသုံးစရိတ်မှာ ဒိုင်နာ ၁၂၅ ဒသမ ၇ ဘီလီယံဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်အတွင်းက လစ်ဗျားနိုင်ငံ၏ ဝင်ငွေ သည် ဒိုင်နာ ၁၃၄ ဒသမ ၄ ဘီလီယံဖြစ်ပြီး အသုံး စရိတ်မှာ ဒိုင်နာ ၁၂၇ ဒသမ ၉ ဘီလီယံဖြစ်ကြောင်း သိရသည်။

 

လစ်ဗျားနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် နိုင်ငံ့ဝင်ငွေ၏ အဓိကအရင်းအမြစ်ကို ကိုယ်စား ပြုနေသော်လည်း ပြီးခဲ့သောနှစ်များအတွင်းက လက်နက်ကိုင်ပဋိပက္ခအပြင် ရေနံမြေနှင့် ဆိပ်ကမ်း များပိတ်သိမ်းခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်