ထရီပိုလီ ဖေဖော်ဝါရီ ၉
လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း၌ ရော်ဘာလှေတိမ်းမှောက်မှုဖြစ်ပွားရာ တစ်နှစ်အောက်ကလေး နှစ်ဦးအပါအဝင် ၅၃ ဦး သေဆုံး/ပျောက်ဆုံးကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်) က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။
လူပေါင်း ၅၅ ဦး တင်ဆောင်လာသည့် အဆိုပါလှေသည် လစ်ဗျားနိုင်ငံ အနောက်မြောက်ပိုင်း ဇူဝါရာမြို့ မြောက်ဘက်၌ ဖေဖော်ဝါရီ ၆ ရက်က တိမ်းမှောက်သွားကြောင်း သိရသည်။ အသက်ရှင်ကျန်သူနှစ်ဦးမှာ နိုင်ဂျီးရီးယား အမျိုးသမီးနှစ်ဦးဖြစ်ပြီး လစ်ဗျားအာဏာပိုင်များက ကယ်ဆယ်ခဲ့ကြောင်း၊ အသက်ရှင်ကျန်သူ တစ်ဦးမှာ ၎င်း၏ အမျိုးသားဆုံးရှုံးသွားပြီး အခြားတစ်ဦးမှာ ၎င်း၏ ကလေးနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
အသက်ရှင်သူနှစ်ဦးကို အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီများပေးခဲ့ကြောင်း အိုင်အိုအမ်က ပြောကြားသည်။
မြေထဲပင်လယ်အလယ်ပိုင်းသည် ရွှေ့ပြောင်းသွားလာသူများ သေဆုံးမှုအများဆုံးလမ်းကြောင်း တစ်ခုဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း သေဆုံးသူပေါင်း ၄၈၄ ဦးထက် မနည်းရှိကြောင်း သိရသည်။
ဆင်ဟွာ၊ ဓာတ်ပုံ- ILKHA


