လစ်ဗျားနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ပိတ်ထားရသည့်စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်

အောက်တိုဘာ ၂

လစ်ဗျားနိုင်ငံအရှေ့ပိုင်းဒါနာမြို့တွင် လွန်ခဲ့သောသီတင်းပတ်အနည်းငယ်က  ရေကြီးရေလျှံမှုများဖြစ်ပွားသောကြောင့် လူထောင်နှင့်ချီသေဆုံးခဲ့ပြီး ပျက်စီးမှုများပြားခဲ့သဖြင့် ပိတ်ထားရသည့်စာသင်ကျောင်းများကို ယမန်နေ့က ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါရေကြီးမှုကြောင့် ပျက်စီးသွားသောစာသင်ကျောင်းများမှကျောင်းသားများအား အခြားသောစာသင်ကျောင်းများက လက်ခံသွားမည်ဖြစ်ကြောင်း လစ်ဗျားနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနက ပြောကြားသည်။

လစ်ဗျားနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်က မြေထဲပင်လယ်မုန်တိုင်း ဒန်နီရယ် တိုက်ခတ်မှုသည် ဆယ်စုနှစ်အတွင်း အကြီးမားဆုံးနှင့် အဆိုးရွားဆုံးသောရေကြီးမှုဖြစ်ကာ လူပေါင်းထောင်နှင့်ချီသေဆုံးပြီး ပျောက်ဆုံးမှုများဖြစ်ပွားခဲ့သည်။

ထိုရေကြီးရေလျှံမှုကြောင့် မြို့ ၁၅ ခုရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်း ၁၁၄ ကျောင်းအပါအဝင် ယင်းဒေသရှိအခြေခံအဆောက်အအုံ၏ ၇၀ ရာခိုင်နှုန်းလည်း ပျက်စီးသွားခဲ့သည်။

လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားခဲ့သောစာသင်ကျောင်းများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါး ပေးအပ်ခဲ့ကြောင်း လွန်ခဲ့သော ရက်အနည်းငယ်က ဝန်ကြီးချုပ်အဘဒူလ်ဟာမက်ဒီဘီဘက်က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို