ရီပိုလီ ၁၇ ဇူလိုင်

လစ်ဗျားနိုင်ငံ၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအတွက် ဖွင့်လှစ်ထားသည့် ထိန်းသိမ်းရေးစင်တာများကို ပိတ်သိမ်းရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက  ဇူလိုင်  ၁၅  ရက်တွင်  တောင်းဆိုခဲ့သည်။ "လစ်ဗျားက  ထိန်းသိမ်း ရေးစင်တာတွေကို ပိတ်ပစ်ဖို့ တစိုက်မတ်မတ်တောင်းဆိုခဲ့တာပါ။ လူပေါင်း၂၀ဝ ခန့်ဟာ တာဂျိုအာထိန်းသိမ်းရေးစင်တာကို ခေါ်ဆောင်သွားခြင်းခံရပါတယ်" ဟု  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီးရုံးက ပြောသည်။

ဇူလိုင်လအစောပိုင်းကလည်း ထရီပိုလီ အရှေ့ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထိန်းသိမ်းရေးစင်တာမှ လူပေါင်းများစွာ သေဆုံး၊  ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။ လစ်ဗျားတွင် ကုလသမဂ္ဂကကျောထောက်နောက်ခံ ပြုထားသော လစ်ဗျားအစိုးရတပ်ဖွဲ့နှင့် လစ်ဗျားအရှေ့ပိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယခုလိုသေဆုံးမှုများအတွက် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြသည်။

အရှေ့ပိုင်းအခြေစိုက်သူပုန်များကလည်း ထရီပိုလီမြို့ကို လစ်ဗျားအစိုးရထံမှ သိမ်းပိုက်ရယူနိုင်ရေးတိုက်ပွဲများဆင်နွှဲလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာအရ လူပေါင်း ၁၀ဝဝ ခန့်မှာ တိုက်ပွဲများကြောင့် သေဆုံးခဲ့ရပြီး လူပေါင်း ၅၇၀ဝ ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများကြောင့်လူပေါင်း  ၁၀ဝဝဝဝ  ခန့်မှာ  နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။  လစ်ဗျားနိုင်ငံသည် ၂၀၁၁  ခုနှစ်  မွမ်မာကဒါဖီကို  ဖြုတ်ချပြီးနောက်ပိုင်းတွင် နိုင်ငံရေးအရ မငြိမ်မသက်မှုများဖြစ်ပေါ်ပြီး တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်။

ဆင်ဟွာ