၂၆ စက်တင်ဘာ

 

ကုလသမဂ္ဂ ကျောထောက်နောက်ခံ အစိုးရနှင့် ညှိနှိုင်းမှု ပြုလုပ်စဉ်အတွင်း လစ်ဗျားနိုင်ငံ တောင်ပိုင်း မာဇက် (Murzuq) မြို့အနီး အမေရိကန် လေကြောင်း တိုက်ခိုက်မှုကြောင့် အိုင်အက်စ်စစ်သွေးကြွများ သေဆုံးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အာဖရိကစစ်ဌာနချုပ် (AFRICOM) က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

လစ်ဗျားအစိုးရနှင့် ညှိနှိုင်းမှု ပြုလုပ်စဉ်အတွင်း အမေရိကန်ပြည်ထောင်စု အာဖရိကစစ်ဌာနချုပ်က မာဇက်မြို့အနီးရှိ အိုင်အက်စ်-လစ်ဗျား စစ်သွေးကြွများကို ပစ်မှတ်ထားကာ စက်တင်ဘာ ၂၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အာဖရိကစစ်ဌာနချုပ် (AFRICOM) က ထိုထုတ်ပြန် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၁ ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ အရပ်သား ထိခိုက်သေဆုံးမှု မရှိကြောင်း ထိုကြေညာချက်တွင် အကြမ်းဖျင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့်ရက် အနည်းငယ်က မာဇက်မြို့အနီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အိုင်အက်စ် စစ်သွေးကြွ ရှစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အာဖရိကစစ်ဌာနချုပ် (AFRICOM) က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စု အာဖရိကစစ်ဌာနချုပ် (AFRICOM)က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လစ်ဗျားနိုင်ငံ အနောက်တောင်ပိုင်းတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ယာဉ်သုံးစီး ပျက်စီးခဲ့သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို