လစ်လပ် မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲများ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည်

နေပြည်တော် ၁၅ ဇန်နဝါရီ

 
လစ်လပ်နေတဲ့ မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲများကို ၂၀၁၈ ခုနှစ်အတွင်းမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင်က ပြောပါတယ်။

 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် နေရာအတွက် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေရှိရင် လွှတ်တော် ကိုယ်စားလှယ် နေရာတွေကို သတ်မှတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပပြီး အစားထိုး ရွေးချယ်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြောပါတယ်။

 
လက်ရှိတွင် လစ်လပ်နေသည့် မဲဆန္ဒနယ် စုစုပေါင်း ၈ နေရာရှိပြီး ပြည်သူ့လွှတ်တော်မှာ ၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များမှာ ၆ နေရာရှိတယ်လို့ သိရပါတယ်။

 
မျိုးထက်ဦး(MDN)