လစူးစမ်းလေ့လာရေးဒုံးပျံလွှတ်တင်မှု တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် နာဆာရွှေ့ဆိုင်း

 

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၅

 

လ ပတ်လမ်းထဲသို့ မောင်းသူမဲ့အာကာသယာဉ် သယ်ဆောင်သော မျိုးဆက်သစ်ဒုံးပျံလွှတ်တင်မှုကို ထပ်မံရွှေ့ဆိုင်းလိုက်ပြီးနောက် လိုအပ်သည့် ပြင်ဆင်မှု လုပ်ဆောင်ရန်အတွက် ပြဿနာများ၏ အရင်းခံကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောသည်။

 

နာဆာသည် စက်တင်ဘာ ၃ ရက်တွင် လစူးစမ်းလေ့လာရေး ဒုံးပျံလွှတ်တင်ရန် ၎င်း၏ နောက်ဆုံးကြိုးပမ်းအားထုတ်မှုကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။ နာဆာ၏ အဆိုပါလစူးစမ်း လေ့လာရေးဒုံးပျံ လွှတ်တင်မှုအစီအစဉ် ဖျက်သိမ်းလိုက်ရခြင်းသည် တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ကနဦးတွင် နာဆာက အဆိုပါ လစူးစမ်းလေ့လာရေးဒုံးပျံကို စက်တင်ဘာ ၅ ရက်တွင် ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသ စင်တာမှ လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်သည်။

 

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်

 

စက်တင်ဘာ ၃ ရက်တွင် ထိုကဲ့သို့ ဒုံးပျံလွှတ်တင်မှုအစီအစဉ် ဖျက်သိမ်းလိုက်ရခြင်းသည် ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့်ဖြစ်ကြောင်း အဆိုပါ အေဂျင်စီကပြောသည်။ အေဂျင်စီတာဝန်ရှိသူများသည် ထပ်မံလွှတ်တင်မှုကို အစောဆုံးအဖြစ် ယခုလနှောင်းပိုင်းတွင် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

 

ဂျပန်နိုင်ငံနှင့် ဥရောပနိုင်ငံအချို့သည် အမေရိကန်ဦးဆောင်သော အဆိုပါအစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ