ရန်ကုန်  ၂၀  ဇွန် 


ဖားကန့်မြေတွင် မေခရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံး ရိုက်ကူးထုတ်လုပ်သည့် “လောဘနွံ” ရုပ်ရှင်ဇာတ်ကား Red Carpet Show အထူးပွဲကို ဇွန် ၁၉ ရက် ည ၇ နာရီက ရန်ကုန်မြို့ Junction City ရှိ JCGV အဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသခဲ့သည်။


“လောဘနွံ” ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံ၏ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြေတွင် သွားရောက်ရိုက်ကူးထားပြီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၊ ရေမဆေးကျောက် ရှာသူများအကြား လောဘတရားများ၊ မူးယစ်ဆေးပြဿနာများကို ပေါ်လွင်အောင် ရိုက်ကူးထားခြင်း ဖြစ်သည်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးတွင် အကယ်ဒမီ လူမင်း၊ အကယ်ဒမီ အေးမြတ်သူ၊ ခင်လှိုင်၊ JZ ဒေါင်လွန်း၊ ဘုဏ်းသိုက်၊ Pဂျာဆိုင်းဘူ၊ မင်းထက်၊ NT ဆိုင်းနွယ်နှင့် ဌာနေတိုင်းရင်းသားသရုပ်ဆောင်များ ပါဝင်ထားကြောင်း သိရသည်။


 “ကျွန်တော်တို့သွားရိုက်နေတုန်းက ကုမ္ပဏီတွေ၊ ရေမဆေး ကျောက်သမား တွေနဲ့ ပြဿနာကရှိနေတယ်၊ ခက်ခက်ခဲခဲ နယ်မြေမအေးချမ်းသေးတဲ့ကြားက သွားရောက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကားအတွက်အတူ ကြိုးပမ်းခဲ့ကြတဲ့ ကိုလူမင်း၊ မအေးမြတ်သူ၊ ကိုဘုဏ်းသိုက်နဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ကားအတွက် ပါဝင်တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု  “လောဘနွံ” ရုပ်ရှင်ဇာတ်ကား ပုံဖော်ရိုက်ကူးခဲ့သည့် ဒါရိုက်တာ JZ ဒေါင်လွဏ်းက ပြောသည်။


 “ဒီဇာတ်ကားလေးက ကျွန်မတို့ ကချင်ပြည်နယ်မှာ ရိုက်ထားတာဆိုတော့ စိတ်ဝင်စားတယ်။ ကျွန်မကလည်း မှော်ထဲမှာမွေးပြီး မူလတန်းအထိ နေခဲ့တာပါ။ ဆွေးမျိုးတွေလည်း ဒီမှော်ထဲမှာ နေခဲ့တာပါ။ ဒီမှော်ထဲမှာ ကျွန်မ ဆွေမျိုးသားချင်းထဲက တချို့ဆို မူးယစ်ဆေးရဲ့ သားကောင်ဖြစ်သွားတာလည်း အများကြီးပါ။ သူဌေးဖြစ်မယ့် ကျောက်တစ်လုံးကို မှော်သူမှော်သားတွေ စောင့်ရင်း စောင့်ရင်းနဲ့ မှော်ကြာ ဘဝနဲ့ အသက်ဆုံး သွားတဲ့သူတွေလည်းရှိတယ်။ ဒါတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အခုလိုဖိတ်ကြားခံရတော့ အတိုင်းမသိကို ဝမ်းသာပါတယ်” ဟု ကချင် ပြည်နယ်မှ ရုပ်ရှင်အထူးပွဲလာကြည့်သူ ဖားကန့်သူတစ်ဦး က ပြောသည်။ 


“လောဘနွံ” ရုပ်ရှင်ဇာတ်ကားတွင် လုပ်ငန်းရှင်များက တန်ဖိုးရှိလှသည့် ကျောက် များသည် ၎င်းတို့သာရသင့်သည်၊တစ်ဘက်တွင် ရေမဆေးကျောက်ရှာသူများကလည်း ညနေခင်း  ရှာဖွေခွင့်ရရှိသည့် အချိန်အနည်းငယ်တွင်း ရှာဖွေတွေ့ရှိသည့် ကျောက် များသည် ၎င်းတို့သာ ရသင့်သည်ဆိုသည့် နှစ်ဖက်လုံး၏ အတွေးများဖြင့် လောဘနွံ တွင်း ဒုက္ခရောက်ရပုံများကို ရုပ်ရှင်ထုတ်လုပ်ရေးအသစ် “မေခ” က ရုပ်ရှင်ကြည့်သူ ပရိ သတ်များအတွက် ရိုက်ကူးတင်ဆက်ထားသည်။


အဆိုပါ“လောဘနွံ” ရုပ်ရှင်ဇာတ်ကားကို ဇွန် ၂၇ ရက်တွင် တစ်နိုင်ငံလုံးတွင် ရုံတင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 


သန့်ဇင်ဝင်း

 

1