ဇန်နဝါရီ ၁၃

အမေရီကန်နိုင်ငံ လော့စ်အိန်ဂျလိစ်တွင် တောမီးများလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၂၄ ဦး ရှိလာကြောင်း ဒေသန္တရအာဏာပိုင်များက ယမန်နေ့ကအတည်ပြုပြောကြားသည်။

ပါလီဆာဒက်တောမီးလောင်ကျွမ်းမှုတွင် ရှစ်ဦးသေဆုံးပြီး အီတန်တောမီးလောင်ကျွမ်းမှုတွင် ၁၆ ဦးသေဆုံးသည်ဟု သိရသည်။

လော့စ်အိန်ဂျလိစ်ဧရိယာတွင် ဇန်နဝါရီ ၇ ရက်ကစတင်ခဲ့သော ပါလီဆာဒက်တောမီးသည် ဧကပေါင်း ၂၃၇၀၀ ကျော်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံပေါင်း ၅၃၀၀ ကျော် မီးလောင်ပျက်စီးကာ လတ်တလောတွင် အကြီးမားဆုံးသောမီးလောင်ကျွမ်းမှုဖြစ်ပေါ်လျက်ရှိသည်။ ထိုတောမီး၏ ၁၁ ရာခိုင်နှုန်းကို ထိန်းချုပ်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

အီတန်တောမီးသည် ပါဆာဒီနာနှင့် အော့တာဒီနာမြို့အနီး ဧကပေါင်း ၁၄၁၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး လတ်တလောတွင် ထိုတောမီး၏ ၂၇ ရာခိုင်နှုန်း ကိုထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံပေါင်း ၁၂၃၀၀ ကျော် ပျက်စီးသွားပြီး လူပေါင်း ၁၀၀၀၀၀ ကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရဆဲဖြစ်သည်။ ဇန်နဝါရီ ၁၅ ရက်အထိ လေပြင်းတိုက်မှုပြင်းထန်လာဖွယ်ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများပိုမိုခက်ခဲလာနိုင်သည်ဟုသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို