၁၀ အောက်တိုဘာ
သတင်းများနှင့် လူမှုကွန်ရက်များတွင် မိမိကိုယ်ကို သတ်သေမှုများ မကြာမကြာ တွေ့နေရသည်။ သတင်းတစ်ပုဒ်၌ဆိုလျှင် ဒေသအတွင်းပေါက်သည့် အဆိပ်ပင်ကို ကျိုချက်ပြီး မိဘနှစ်ပါးက သားသမီး လေးယောက်ကို တိုက်ကြွေးကာ ၎င်းတို့ကိုယ်တိုင်လည်း သောက်ကြပြီး တစ်မိသားစုလုံး သတ်သေကြခြင်း ဖြစ်သည်။ ကလေးနှစ်ဦးမှာမူ အော့အန်မှုကြောင့် သက်သာရာရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသော်လည်း မိခင်၊ ဖခင်နှင့် ကျန်ကလေးနှစ်ဦးတို့ ဆုံးပါးသွားကြရှာသည်။
ကမ္ဘာပေါ်တွင် စက္ကန့် ၄၀ တိုင်း၌ လူတစ်ဦး မိမိကိုယ်ကို သတ်သေမှုကြောင့် သေဆုံးနေကြရသည်ဟု ဆိုသည်။ ပျမ်းမျှအားခြင့် နှစ်စဉ် လူရှစ်သိန်းခန့် သတ်သေနေကြရာ အများစုမှာ အရွယ်ကောင်းများ ဖြစ်ကြသည်။ အသက် ၁၅ နှစ်မှ ၂၉ နှစ် အကြား လူငယ်များသေဆုံးကြသည့် အကြောင်းရင်းများအနက် မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် သေဆုံးကြခြင်းက ဒုတိယနေရာတွင် ရှိနေသည်။ ဆိုခဲ့ပါ ကိန်းဂဏန်း အချက်အလက်များမှာ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်မူ မိမိကိုယ်ကို သေကြောင်းကြံစည်ကြရာ၌ အသက်၂၅ နှစ်မှ ၄၀ အတွင်း အရွယ်များက အများဆုံးဖြစ်ကြောင်း သိရသည်။ သတ်သေနှုန်းမှာ ၂၀၁၀ ပြည့်နှစ်ကာလက လူတစ်သိန်းလျှင် တစ်ယောက်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ စစ်တမ်းတွင်မူ လူတစ်သိန်းလျှင် သုံးယောက်နှုန်းဖြစ်လာသည်ဟု ဆိုသည်။ သတ်သေမှု ၁၀ဝ လျှင် အမျိုးသားအရေ အတွက်က ၇၀ ကျော်ရှိပြီး အမျိုးသမီး အရေအတွက်က ၂၀ ကျော်ဖြစ်ရာ အမျိုးသားက သုံးဆခန့် ပိုများသည်ဟု ဆိုရမည်ဖြစ်သည်။
မိမိကိုယ်ကို သေကြောင်းကြံစည်ကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ စိတ်ဖိစီးမှုများမှ လွတ်မြောက်လိုခြင်းနှင့် လက်စားချေလိုခြင်း သဘောတို့ကို အများဆုံးတွေ့ရသည်ဟု ဆိုသည်။ အများစုမှာ စိတ်ဓာတ်အလွန်အမင်း ကျဆင်းခြင်းကြောင့်ဖြစ်ပြီး ဒုတိယအများစုမှာ အရက်နှင့်မူးယစ်ဆေးဝါး စွဲလမ်းမှုများကြောင့် စိတ်မူမမှန်သူများ ဖြစ်သည်။ တတိယအများစုမှာ စိတ်ဝေဒနာ ခံစားနေရသူများဖြစ်သည်။ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းကို ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ပညာရှင်များက ရှုမြင်ကြပြီး ကြိုတင်ကာကွယ်တားဆီး၍ ရသည်ဟူ၍လည်း ဆိုထားသည်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတိုင်းတွင် အကြိမ်များစွာ (အကြိမ်၂၀ ခန့်) အားထုတ်ပြီးမှသာ ကြံစည်မှုအထမြောက်လေ့ရှိကြောင်း လေ့လာမှုများအရ သိရှိကြရသည့်အတွက် အတူနေ မိသားစုဝင်များ၊ ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ နီးစပ်သည့် အသိုင်းအဝိုင်းတို့က ဝိုင်းဝန်းကာကွယ် တားဆီးနိုင်ကြသည်။ ရက်ပေါင်းများစွာ စိတ်ဓာတ်အလွန်အမင်း ကျဆင်းနေသူ၊ မျှော်လင့်ချက် ကင်းမဲ့နေပြီး ထွက်ပေါက်မရှိတော့ဘူးဟု ယူဆနေသူ၊ မိမိတွင် အပြစ်ရှိသည်ဟု ခံစားနေရကြောင်း ပြောနေသူ၊ အသိုက်အဝန်းနှင့် ရှောင်နေသူ၊ နေထိုင်၊ အိပ်၊ စား ပုံမမှန်တော့ဘဲ အမူအရာများ ထူးထူးခြားခြား ပြောင်းလဲလာသူ၊ စိတ်ခံစားမှုများ အစွန်းရောက်လာသူ၊ ဂနာမငြိမ်၊ သေခြင်းအကြောင်း မကြာမကြာ ထုတ်ဖာ်ပြောကြား၊ နှုတ်ဆက်သေတမ်းစာရေး စသည်များ၊ စိတ်ဖောက်လာသူများ စသည်တို့ကို တွေ့ရှိလာပါက မိသားစုနှင့် လူမှုအသိုင်းအဝိုင်းတို့က ဝိုင်းဝန်းဂရုစိုက်ပေးရန်၊ ၎င်း၏ ခံစားချက်များ ထုတ်ဖော်ပြောကြားဖို့ အခွင့်အလမ်းများပေးရန်၊ နှစ်သိမ့်မှုဖြင့် စိတ်ဖြေသိမ့်ပေးရန်၊ အထူးသဖြင့် တစ်ဦးတည်း အထီးကျန်ခံစားနေရခြင်း မဟုတ်ကြောင်း နားလည်လက်ခံလာစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။
ဂရုပြုရမည့်အချက်တစ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသည် ကူးစက်တတ်သည့် သဘောရှိခြင်းကြောင့် မီဒီယာများနှင့် လူမှုကွန်ရက်များတွင် အကျယ်တဝင့် ဖော်ပြကြခြင်းကို ဆင်ခြင်ကြရန်ပင် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ သတင်းစာဆရာကြီး အထောက်တော်လှအောင်က ရေးသားဖော်ပြခဲ့ဖူးသလို မကြာသေးမီကလည်း လူမှုအဖွဲ့အစည်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဂျာနယ်တွင် သုတေသနတစ်ရပ်အရ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းတစ်ခုသည် အခြားသူများကိုလည်း ၎င်းကဲ့သို့ လိုက်လုပ်လာစေသည့် ကူးစက်မှုမျိုး ဖြစ်ပေါ်စေသည်ဟု လေ့လာတွေ့ရှိကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံတွင်မူ မိမိကိုယ်ကို သတ်သေခြင်းကို ရိုးရာဓလေ့ကိုယ်နှိုက်က အားပေးခြင်းမရှိ။ စီးပွားဖြစ်ခြင်း၊ စီးပွားပျက်ခြင်း၊ အခြွေအရံ အပေါင်းအသင်းများ ရှိခြင်း၊ စွန့်ခွာသွားခြင်း၊ လူ့အသိုင်းအဝိုင်းက ဝိုင်းဝန်းချီးမွမ်းကြခြင်း၊ ဝိုင်းဝန်းပြစ်တင် ရှုတ်ချကြခြင်း၊ ကိုယ်ရောစိတ်ပါ ချမ်းသာသုခခံစားရခြင်း၊ ကိုယ်ရောစိတ်ပါ မချမ်းမသာ ဆင်းရဲရခြင်းတို့ကို လောက၏ ဓမ္မဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားပြီး အကောင်းအဆိုး လောကဓံတို့ကို ရင်ဆိုင်ကြုံ တွေ့ရသည့်အခါ မတုန်မလှုပ်ရန်နှင့် မှန်ကန်စွာ သင့်တင့်သလျာက်ပတ်စွာ နှလုံးသွင်းကြရန်သာ အစဉ်အဆက် ဆိုဆုံးမခဲ့ကြသည်။ ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် ကျရောက်သည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day-2019)၏ ဆောင်ပုဒ်မှာ ''Focus on Suicide Prevention'' ဟူ၍ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ တားဆီးကာကွယ်ရေးတွင် မိမိတို့၏ အသိုက်အဝန်းအတွင်း ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် အာရုံစိုက် ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း