လောက်ကိုင်၊ ၃၀ မေ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထင်ပါကျိုင်း ကျေးရွာအုပ်စု၊ ဆင်မင်ခြုံကျေးရွာ၌ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို မေ ၂၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လောက်ကိုင်ခ‌ရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ လောက်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။  

 

အဆိုပါကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇ သန်းဖြင့် PVC ရေပိုက်များ ၁ မိုင် ၄ ဖာလုံ သွယ်တန်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ဖြိုးမင်းအောင်ကုမ္ပဏီက ဖေဖော်ဝါရီလ ဒုတိယပတ်ကစတင်၍ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဆင်မင်ခြုံကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းသည် ကျေးရွာရှိ အိမ်ခြေ (၁၃၀) အိမ်၊ လူဦးရေ (၅၁၉) ဦးတို့နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံရေးအတွက် အကျိုးပြုလျက်ရှိကြောင်း လောက်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ပြောသည်။

 

စိုးမိုးကျော်