လောက်ကိုင် ၃၁ ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာမှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေကြောင်း လောက်ကိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရန်လုံကျိုင်းကျေးရွာတွင် ကုန်ထုတ်လမ်းအရှည် ၇၉၂၀ ပေ အကျယ် ၁၂ပေ ထု ဗြုန်းကျောက် ၆ လက်မ ခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၅ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သော ကိုးကန့်စိုက်ပျိုးရေးကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ရန်လုံကျိုင်းကျေးရွာအပါအဝင် တာ့လင်ကဲကျေးရွာ၊ ကျုံကျိုင်းကျေးရွာများရှိ လယ်ယာမြေဧက ၁၀၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား လောက်ကိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုး၊ လောက်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီ၊ ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီက တွေ့ဆုံကာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန် ခရိုင်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ငြိမ်းသူ