လောက်ကိုင် ၈ ဇန်နဝါရီ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် နားလီကျေးရွာရှိ တောင်သူများအား စိုက်ပျိုးရေး အသိပညာပေး ဆွေးနွေးပွဲနှင့် စိုက်ပျိုးရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စိုက်ပျိုးထုတ်လုပ်ရေး၊ သဘာဝမြေဩဇာများကို တောင်သူများ လက်တွေ့ပြုလုပ်တတ်စေရန် စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေး ဆွေးနွေးပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လွင်က ကြံအထွက်တိုး စိုက်နည်းစနစ်များ အကြောင်းကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံက ပိုးသတ်ဆေး အန္တရာယ်ကင်းစွာ သုံးစွဲနည်းများကို ရှင်းလင်းပြောကြားကာ ဒေသဦးစီးအဖွဲ့ဝင် ဦးအိုက်ကောနှင့် တာဝန်ရှိသူများက တောင်သူများအား ဆေးဖျန်းပုံးများ ထောက်ပံ့ပေးအပ်ပြီး စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်ကျော်ကြီး
