လောက်ကိုင် ၁၇ မေ
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ကိုဗစ်-၁၉ ကာလ၌ အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး Home Gardening ဆောင်ရွက်ရန်အတွက် မျိုးစေ့ ပျိုးပင် နည်းပညာများ အခမဲ့ ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထင်ပါကျိုင်းကျေးရွာအုပ်စု၊ မန်မိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးတျောက်တယ်ချန်း က ကိုဗစ်-၁၉ ကပ်ရောဂါ သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရောဂါမကူးစက်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေ့စဉ်စားသုံးနေသည့် ဟင်းသီးဟင်းရွက်များအား မိမိတို့နေအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးစားသောက်ခြင်းအားဖြင့် လူစုလူဝေးကို ရှောင်ရှားနိုင်သည့်အပြင် ဈေးသွားရန်မလိုခြင်း၊ သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ ကိုစားသုံးနိုင်ခြင်း၊ အိမ်တွင်းနေထိုင်ရင်း ကိုယ်လက်လှုပ်ရှားမှု့များကြောင့် ကျန်းမာပျော်ရွှင်မှုများကို ရရှိစေနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသဦးစီးဥက္ကဌ ဦးတျောက်တယ်ချန်း နှင့် ဦးစီးအဖွဲ့ဝင်များ၊ Home Gardening လုပ်ငန်းကြီးကြပ်ရေး နှင့်အကောင်အထည်ဖော်ရေ းအဖွဲ့ဝင်များမှ အခမ်းအနား တက်ရောက်လာကြသော အိမ်ထောင်စု ၁၂၅ စုအတွက် မြေဩဇာ ၁၂၅ထုပ်၊ ပျိုးပင် ၃၇၅ပင်၊ မျိုးစေ့ ၆၂၅ထုပ် နှင့် နည်းပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အိမ်ထောင်စု ၄၂၅ စုအတွက် မြေဩဇာ ၄၂၅ ထုပ်၊ ပျိုးပင် ၁၂၇၅ ပင်၊ မျိုးစေ့ ၂၁၂၅ ထုပ်တို့အား အိမ်တိုင်ရာရောက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် ခရမ်းပျိုးပင်၊ ငရုတ်ပျိုးပင်၊ ခရမ်းငရုတ်ပွ၊ ကန်စွန်း၊ မုန်ညင်းဖြူ၊ ပဲသီး၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးလိုသူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ရယူနိုင်ကြောင်း Home Gardening လုပ်ငန်း ကြီးကြပ်ရေးကော်မတီ( စိုက်ပျိုးရေး)အဖွဲ့ဝင် လောက်ကိုင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုး ကပြောသည်။
ငြိမ်းသူ


