ဒေါက်တာမော်
ယနေ့နံနက်ခင်းတွင် သားကြီး၏သူငယ်ချင်းကို “ဘုရားခန်းမှာ ပန်းတွေထိုးထားတယ်၊ သိပ်မွှေးတာ၊ လာကြည့်ပါလား”ဟု ဖိတ်ခေါ်လိုက်သည်။ ဤပန်းရနံ့ဖြင့် ဘုရားကိုပူဇော်ချင်လွန်း၍ မနေ့က တကူးတက သွားဝယ်ထားခြင်းဖြစ်သည်။
သူကလေးရောက်လာသောအခါ နှစ်ယောက်သား လက်အုပ်ချီကာ ပူဇော်ထားသော အလင်းဓာတ်၊ တိတ်ဆိတ်အေးချမ်းမှု၊ အီနေအောင်မဟုတ်ဘဲ လန်းဆန်း ရုံသာ သင်းပျံ့နေသည့် ပန်းရနံ့များဖြင့် ထုံမွမ်းထားသည့် ဘုရားခန်းတွင် မြတ်စွာဘုရားမျက်နှာတော်ကို ဖူးမြော် ကြည်ညိုနေကြရင်း သူက “အိုး အန်တီ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ လန်းဆန်းသွားတာပဲ” ဟု မျက်နှာလေး ဝင်းပစွာ ဆိုပါသည်။
ထို့နောက် ပြောလက်စရှိခဲ့ဖူးသော တရားထိုင်ဖို့ ကိစ္စကို ဘုရားဖူးရင်းဆက်ပြောမိခဲ့ကြသည်။ “သမီးရေ တရားထိုင်ခြင်းဆိုတဲ့ meditation ဟာ အခုခေတ်ကမ္ဘာ အနှံ့အပြားမှာ ခေတ်စားနေတယ်။ ကြီးသူငယ်သူ မဟူ တရားထိုင်ကြတယ်။ အများကလက်ခံလို့ ခေတ်စား နေတာ ကောင်းကျိုးလက်တွေ့ တွေ့ကြလို့ပေါ့။ ဒါပေမယ့် နည်းမှန်လမ်းမှန်တော့ ဖြစ်စေချင်တယ်။ ဥပမာ- ဆရာကြီး ဂိုအင်ကာစခန်းမျိုးဆိုရင် ဘာသာမရွေး လူမျိုးမရွေးကို နည်းမှန်လမ်းမှန်ထိထိရောက်ရောက် သင်ပေးနိုင်တယ်။ (၁၀) ရက်စခန်းကို ဒီတစ်သက်မှာ အနည်းဆုံးတစ်ခါ လောက်တော့ဝင်ပြီး ဘယ်လိုတရားမှတ်ရမလဲလို့ သင်ယူလေ့ကျင့်သင့်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စောစော သင်ယူထားရင် စောစောအသုံးချလို့ရတာပေါ့။ သမီးတို့ ဘဝရှေ့လျှောက် အများကြီးအသုံးကျလိမ့်မယ်”
“ဟုတ်တယ်အန်တီ အခုဆိုရင် အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဖုန်းကိုစကိုင်ပြီး ဟိုအလုပ် လုပ်ရဦးမယ်၊ ဒီအလုပ်လုပ်ရဦးမယ်နဲ့ စိတ်ဖိစီးမှုတွေ များနေရတယ်”
“လူငယ်တွေကတော့ အခုချိန်မှာ အလုပ်လုပ်ရမှာပဲ။ ဖုန်းကိုင်ပြီးစီစဉ်ရမှာပဲ။ ဒါပေမယ့် အဲဒီလိုစီစဉ်နေတုန်း မှာ စီစဉ်နေတယ်လို့ သိသလား။ သတိရှိနေလား။ ကိုယ်စီစဉ်နေတာကို နောက်တစ်ယောက်က နောက်က ကြည့်နေသလို မြင်နေလား။ အဲဒီလိုနောက်ကကြည့်နေမှ မလုပ်သင့်တာတွေ မလုပ်တော့ဘူး၊ မပြောသင့်တာတွေ မပြောတော့ဘူး၊ ဆုံးဖြတ်ချက်တွေ မှန်လာမယ်။ ဒါဆိုရင် ကိုယ်ကသူများထက် တစ်ပန်းသာတယ်။ အဲဒီလို သတိ ကပ်ပြီးမြင်နေဖို့ အလေ့အကျင့်လိုတယ်။ လေ့ကျင့်တရား ထိုင်ရမယ်။”
“အို အန်တီ အဲဒါသမီးအတွက် လိုနေတယ်။”
“တစ်လက်စတည်း အန်တီနားလည်တဲ့ ဗုဒ္ဓတရားကို ပြောပြမယ်။ ဥပမာ သမီးအလုပ်ထဲမှာ တစ်စုံတစ်ယောက်က သမီးကိုထိခိုက်နစ်နာစေတယ်ဆိုပါစို့၊ သမီးစိတ်ညစ်ရတယ် မဟုတ်လား။ အလုပ်တိုင်းမှာ politics ဆိုတဲ့ အားပြိုင်ပွဲ တွေရှိတော့ တစ်ခါမဟုတ် တစ်ခါတော့ ကြုံရမှာပဲ။ အဲဒီ ထိခိုက်နစ်နာစေသူက လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့ သူငယ်ချင်းဖြစ်နေရင် ပိုခံစားရတယ် မဟုတ်လား။ ဒီလောက်ခင်နေရဲ့သားနဲ့ လုပ်ရက်တယ်ပေါ့။ တွယ်တာမှု များလေလေ ပိုခံစားရလေလေပဲ။ အလုပ်ထဲမှာသာမက လူ့လောကမှာ သူငယ်ချင်းထက် ပိုရင်းနှီးတဲ့ သွေးတော် သားစပ် ဆွေမျိုးမောင်နှမမိသားစုဝင်ထဲက ဖြစ်ရင်တော့ ပြောစရာကို မရှိတော့ဘူး။ လုပ်ရက်လေခြင်းပေါ့။ လောကဓံ ဆိုတာ လောကမှာရှိနေတော့ ငါ့မှဖြစ်ရလေခြင်းပေါ့။
လေ့ကျင့်ထားလို့ သတိကပ်နေရင် သတိနဲ့ငါထင်တာ ဟုတ်ရဲ့လား၊ ငါမြင်တာ ဟုတ်ရဲ့လား၊ ဟိုလိုလေးရော မဖြစ်နိုင်ဘူးလား၊ သူဒီလိုရည်ရွယ်တာရော ဟုတ်ရဲ့လား စသည်ဖြင့် အလုံးစုံကိုခြုံကြည့်ဖို့ သတိရလာမယ်။ သတိ ရှိပြီး စိတ်အေးချမ်းတဲ့အတွက် ပြဿနာအရင်းအမြစ်ကို မြင်နိုင်ပြီး ဖြေရှင်းနည်းတွေကိုလည်း မြင်နိုင်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာ မလိုလားအပ်တဲ့ ပျက်ပြားမှုတွေ မဖြစ်တော့ဘူး။ အလုပ်ထွက်ရတာတို့၊ ရာထူးမတက်တော့ တာတို့စတဲ့ မလိုလားအပ်တဲ့ နှောင့်နှေးစရာတွေလည်း မဖြစ်တော့ဘူး။
ကဲ…. နောက်ဆုံး ကိုယ်က သဘောထားကြီးကြီးနဲ့ ဘယ်လိုပဲကြည့်ကြည့် သူက အင်မတန်လွန်နေတာ ထင်ရှား နေတယ်ဆိုပါစို့။
ကိုယ်နစ်နာရတာ သူ့ကြောင့်လား။
မဟုတ်ပါဘူး။ ဒီလောက သဘာဝအရဖြစ်နေရ လို့ပါ။
ကိုယ့်နစ်နာရတာ ကိုယ့်ကြောင့်လား။ (ကာမဝါဒ အရ အတိတ်မှာ ကိုယ်ကမကောင်းတာ လုပ်ခဲ့လို့လား)။
မဟုတ်ပါဘူး ဒီလောကသဘာဝအရ ဖြစ်နေလို့ပါ။
ဒီလောကသဘာဝကိုက တပ်မက်တဲ့ လောဘ၊ မထိန်း နိုင်တဲ့ဒေါသ၊ ဘာလုပ်လို့ လုပ်နေမှန်းမသိတဲ့ မောဟ၊ ငါ့ကိုဘာအောက်မေ့လို့လဲဆိုတဲ့ မာန၊ ကြီးနိုင် ငယ်ညှဉ်း၊ မတည်မမြဲပြောင်းလဲခြင်း သဘောတွေအမြဲရှိတတ်လို့ပါ။ အဲဒီလိုမြင်နေရင် ဘယ်လိုလောကဓံတွေ တွေ့တွေ့ ဘယ်သူ့အပေါ်မှလည်း စိတ်မဆိုးတော့ဘူး။ ကိုယ့်ကိုယ် ကိုယ်လည်း အပြစ်မတင်တော့ဘူး။ ဒီလိုသဘာဝရှိတဲ့ လောကသံသရာကြီးကသာ လွတ်မြောက်ချင်နေတော့ တာပဲ။
လွတ်မြောက်ဖို့ဆိုရာမှာ တချို့ဘာသာတွေမှာတော့ ဘုရားသခင်ကကယ်တင်မယ်လို့ ယုံကြည်ကြတယ်။ ဗုဒ္ဓဘာသာမှာတော့ နိဗ္ဗာန်ရောက်အောင် လုပ်ရမယ်လို့ ယုံကြည်ကြတယ်။ ဒါဟာ ကောင်းပါတယ်။ လူသားတွေမှာ မမြင်ရတဲ့ ပါဝါတွေ၊ အားပေးမှုတွေ တစ်ခါတစ်ရံ လိုအပ် တယ်။
နိဗ္ဗာန်ဆိုတာ လောကသံသရာကြီးမှ လွတ်မြောက် ခြင်းတဲ့။ အန်တီအနေနဲ့ကတော့ နိဗ္ဗာန်ဆိုတာလည်း မရောက်ဖူးသေးတော့ ကိုယ်တွေ့မပြောတတ်ဘူး။ နောင်ဘဝလည်း မရောက်သေးတော့မသိဘူး။ ကိုယ်တွေ့ သိတာ၊ ပြောတတ်တာ ပြောရရင်တော့ ကိုယ်ကြောင့် သူ့ကြောင့်မဟုတ်ဘဲ သဘာဝတရားကြောင့်လို့ လက်ခံ ယုံကြည်တဲ့အတွက် ဘယ်သူကမှ အန်တီကို စိတ်ဆိုး အောင် လုပ်လို့မရဘူး။ ဘယ်အကြောင်းကမှ အန်တီကို ထိခိုက်အောင်လုပ်လို့မရဘူး။ အန်တီကိုယ်တိုင်ကလည်း ဘယ်တော့မှတမြည့်မြည့်နောင်တရရင်း ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတာမျိုး မရှိဘူး။ အမြဲစိတ်ချမ်းသာနေတယ်။ နိဗ္ဗာန်တစ်မျိုးပေါ့။
လူတိုင်းက ဒီသဘာဝတရားကို မြင်နေရင်သူများ အပေါ် အပြစ်မမြင်တဲ့အတွက် ရန်လိုအမုန်းပွားခြင်းဖြစ်မှာ မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ခြင်း ကြောင့်လည်း စိတ်ဓာတ်ကျခြင်းတွေ မဖြစ်တော့ဘူး။ ဘယ်လောက်အေးချမ်းနေပါလိမ့်မလဲ စဉ်းစားကြည့်ပေါ့။ ဘယ်သူ့ကိုမှ အပြစ်မမြင်ဘဲ ကိုယ့်လုပ်စရာရှိတာကို ဆက်လုပ်နေတဲ့အတွက် တိုးတက်အောင်မြင်မှုတွေ ရနေမယ်။ လောကနိဗ္ဗာန်တစ်မျိုးပေါ့။
“အို အန်တီ အန်တီကလောကကြီးကို အမြင် တစ်မျိုးနဲ့ ကြည့်နေတာပဲ။”
“ဟုတ်တယ် ဒီလိုအမြင်မျိုးနဲ့ မြင်တတ်တာဟာ အန်တီတို့လို သာမန်လူတွေအတွက်ကတော့ ဗုဒ္ဓအဆုံး အမတွေကို နာယူထားလို့၊ လေ့ကျင့်ထားလို့ပဲ။ အလေ့ အကျင့်လုပ်ထားရင် သဘာဝတရားအမှန်တွေကို ကိုယ်တွေ့မြင်သိစေတယ်။ ကိုယ်တွေ့သိပြီး နှစ်နှစ်ကာကာ လက်ခံတယ်။ ဒီအဆင့်အထိလက်ခံနိုင်မှ သူများကို ခွင့်လွှတ်နိုင်မယ်။ ကိုယ့်မှာလည်း နောင်တဆိုတာ မရှိ တော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း မဟုတ်တာ မမှန်တာ တွေ အလိုလိုမလုပ်ချင်တော့ဘူး။”
“အိုး အန်တီ။ ဒါကြောင့်ထင်တယ် အန်တီစိတ်ဆိုး တာ သမီးတစ်ခါမှမတွေ့ဖူးဘူး။ ကောင်းလိုက်တာ။ သမီးလည်း အန်တီလိုဖြစ်ချင်တယ်။ သမီးကိုတရားစခန်း လိပ်စာပေးပါ။ သမီးသွားဖြစ်အောင် သွားမယ်။ အချိန် ယူပြီးတော့ ဗုဒ္ဓစာပေတွေကိုလည်း လေ့လာပါ့မယ်။ အမြင်ကျယ်အောင် စာများများလည်း ဖတ်ပါ့မယ်”
သမီးလေးနှင့်တကွ စာရှုသူအားလုံး လောကနိဗ္ဗာန် ရကြပါစေ။ ။
ကြေးမုံ