နေပြည်တော် အောက်တိုဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လောကနန္ဒာစွယ်တော်မြတ်စေတီသည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိပြီး အေဒီ(၁၁)ရာစုတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီဖြစ်ကာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အဆင့်သတ်မှတ်ချက် အဆင့်-၁ (Grade One) အဆင့်ရှိသော စေတီတစ်ဆူ ဖြစ်ပါကြောင်း၊ ၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင်လှုပ်ခတ်ခဲ့သော ငလျင်များကြောင့် ထိခိုက်မှုများရှိခဲ့ သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှေးမူမပျက်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း။

 

နှစ်စဉ်ဧရာဝတီမြစ်ရေတိုက်စားကာ မြစ်ကမ်းပါးများ ပြိုကျပျက်စီးမှုရှိခဲ့သောကြောင့် လောကနန္ဒာ စွယ်တော်မြတ် စေတီတော်၏ အောက်ခြေမြစ်ကမ်းပါးများကို ၁၉၉၆ ခုနှစ်တွင် သံဇကာလုံးအတွင်း ကျောက်ကြီးများဖြည့်ကာကွယ်ခြင်း (Stone Sausage)၊ ၂၀၀၃ ခုနှစ်တွင် Willo Matress အခြေပြု Steel Basket အတွင်း ကျောက်ကြီးများဖြည့်၍ ထိန်းသိမ်းခြင်းတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ Budget ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာငွေဖြင့် Geo-bag အခြေပြုကွန်ကရစ် Slab ၉ လက်မထုဖြင့် ကမ်းပါးထိန်းသိမ်းခြင်း၊ ထန်းလုံးတိုင် များဖြင့် ရေကာတာတည်ဆောက်ခြင်းနှင့် ထန်းလုံးတိုင်များဖြင့် ကမ်းပါးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း။

 

လောကနန္ဒာစွယ်တော်မြတ်စေတီ အထက်ပစ္စယာ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည့် အရပ် ၄ မျက်နှာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၉ ခုနှစ်တွင် ရေချိန်များတပ်ဆင်၍ အဆိုပါရေချိန်အကဲဖြတ်မှုဖြင့် အမြဲမပြတ် စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိကြောင်း၊ အောက်တိုဘာ ၉ ရက်က သွားရောက်စစ်ဆေးရာတွင် စေတီနှင့် စေတီရင်ပြင်တို့၏ အနောက်တောင်ဘက်သည် အနည်းငယ် နိမ့်သွားသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ စေတီပရဝုဏ်ရှိ ဧရာဝတီမြစ်ကမ်းကို သွားရောက်စစ်ဆေးရာ တွင်လည်း ဧရာဝတီမြစ်ရေသည် အဆိုပါ ကမ်းပါးကိုပါ တိုက်စားလျက်ရှိသည်ကို တွေ့ရှိကြောင်း။

 

မြစ်ရေတိုက်စားမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဦးစားပေးအနေဖြင့် အလျားပေ (၁၀၀၀) ခန့်ကို ကွန်ကရစ်ပိုင် အခြေပြုကျောက်စီမြေထိန်းနံရံ (ကွန်ကရစ်ပြားကပ်) တမံပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ထားသည်ကို သိရှိရကြောင်း။

 

မြစ်ရေတိုက်စားမှုကို အချိန်မီထိန်းသိမ်းနိုင်ခြင်းမရှိပါက လောကနန္ဒာစွယ်တော်မြတ်စေတီကို ထိခိုက်နိုင်သည့် အပြင် စေတီပရဝုဏ်နှင့် တစ်ဆက်တည်းရှိနေသည့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ကိုပါ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ မြစ်ရေကျဆင်းချိန်ဖြစ်သည့် ယခုနှစ် ပွင့်လင်းရာသီအတွင်း မြစ်ကမ်းပါးကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းများပြီးစီးအောင် ဆောလျင်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြား သည်။

 

ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့ကို မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက မိမိတို့ဌာနအလိုက်  ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် လောကနန္ဒာစွယ်တော်မြတ်စေတီ၏ ထည်ဝါ ခန့်ညားမှုနှင့် မူလရှေးဟောင်းသွင်ပြင် လက္ခဏာများမထိခိုက်စေရေး၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၏ ဇီဝမျိုးစုံ၊ မျိုးကွဲသားငှက်တိရစ္ဆာန်များနှင့် ရေတိမ်ဒေသထိန်းသိမ်းထားမှုများ မထိခိုက်စေရေးတို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)