ညောင်ဦး ၁၂ သြဂုတ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် သီရိပစ္စာယာကျေးရွာရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ရွှေသမင်များ ယခုလတွင် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးမောင်ထံမှ သိရသည်။

 

11c

 

“ချိုပါသောရွှေသမင်များမှာ သမင်အထီးဖြစ်ပြီး ချိုမပါသော သမင်များမှာ ရွှေသမင်အမဖြစ်ပါတယ်။ ဒီသမင်တွေက ၁ နှစ် ၂ လမှာ အရွယ်ရောက်ကျပြီး ၂ နှစ်သားမှာ သားပေါက်ကြပါတယ်။ နောက်ထပ် ၂ နှစ်နေရင် အရွယ်ရောက်ကြတယ်၊ ကိုယ်ဝန်ဆောင်နိုင်တာပေါ့နော်။ ရွှေသမင်တွေရဲ့ ကိုယ်ဝန်ဆောင်ကာလက ၈ လလွယ်ပြီး ၉ လမှာ မွေးလေ့ရှိကြပါတယ်။ မွေးဖွားရာသီကတော့ အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ အများဆုံးမွေးဖွားပါတယ်။

 

07v

 

အထီးတွေက သူတို့ချိုကို တစ်နှစ်တစ်ခါ  ဇွန်လမှာ အများဆုံးချိုချလေ့ရှိပါတယ်။ သူတို့ ချိုချပြီးရင် အမြဲကြောက်လေ့ရှိတဲ့အတွက် တစ်နေရာမှာ ပုန်းကွယ်လျှိုပြီး နေလေ့ရှိပါတယ်။ မိတ်လိုက်ရာသီမှာ သူတို့ချိုတွေ အမြဲစုံလေ့ရှိတာကို ခန့်မှန်းခြင်းအားဖြင့်လည်း သူတို့ရဲ့မိတ်လိုက်ရာသီကို သိနိုင်ပါတယ်။ ရွှေသမင်က အရောင်တွေကတော့ အမျိုးမျိုးပြောင်းတယ်။ သူ့ရဲ့ရာသီအလိုက်မှာ ရွှေရောင်လေးတွေ ပေါ်ပေါက်လာတဲ့အတွက် သူ့ကို ရွှေသမင်လို့ ခေါ်တာပါ။ ရွှေသမင်က ရှားပါးနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ စနစ်တကျနဲ့ မွေးမြူထားတာပါ။ ကျွန်နော်တို့ဆီရှိတဲ့ ရွှေသမင်က ၁၄ နှစ်လောက်ရှိပြီး ရွှေသမင်သက်တမ်းက ၁၂ နှစ်ကနေ ၁၈ နှစ်ထိရှိတယ်လို့" အုပ်ချုပ်ရေးမှူး ဦးရွှေဌေးမောင်က ရှင်းပြသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်သို့ လာရောက်လာပတ်သည့် ရန်ကုန်မြို့မှ သက်ခင်စိုးနှင့် မစန္ဒီဆိုသူတို့ကတော့ ရွှေသမင်အား လာရောက်ကြည့်ရှုရခြင်းအကြောင်းကို "သူ့ကို အရင်တစ်ခေါက်လာကြည့်စဉ်က တွေ့မိလို့ ပြန်လာကြည့်တာပါ။ အရင်တစ်ခေါက်က သူငယ်ချင်းနဲ့ ကြယ်လိပ်ခြံကို လာကြည့်တာပါ။ သူတို့တွေရှိမှန်းတောင် မသိပါဘူး။ ကြယ်လိပ်တွေပဲ သိတာပါ။ ခြံက အကျယ်ကြီးဆိုတော့လေ။ ဒီတစ်ခေါက်ကတော့ သူတို့ကို မှတ်မှတ်ရရ အစာလာကျွေးတာပါ။ ပုဂံမှာ ဘုရားတွေတင်မဟုတ်ဘဲ ဒီလိုဘေးမဲ့တောတွေ ရှိတယ်ဆိုတာ သိတဲ့လူကနည်းသေးတယ်လေ။ ပုဂံကိုလာရင် လောကနန္ဒာဘုရားဖူးရင် ဒီဘေးမဲ့တောကို လာကြည့်သင့်ပါတယ်"လို့ ဆိုပါတယ်။

“၂၀ဝ၈ ခုနှစ်က ပုပ္ပားတောင်ကနေ သမင်တစ်စုံ သယ်ယူပြီး လောကနန္ဒာဘေးမဲ့ တောဥယျာဉ်မှာ ခြံခတ်ပြီးမွေးခဲ့တာပါ။ ရွှေသမင်တွေက ပေါက်ဖွားနှုန်း ကောင်းတဲ့အတွက်ကြောင့် ၂၀၁၂ ခုနှစ်မှာ နောက်ထပ် ၁၁ ကောင်အထိ တိုးပွားလာခဲ့ပါတယ်။ သမင်တွေက မြန်မာတစ်နိုင်ငံထဲမှာ ရှိပြီးတော့ မူရင်းဒေသတွေမှာ မျိုးသုဉ်းဖို့အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါပြီ။ မြန်မာနိုင်ငံမှာဆိုရင် လုံးဝကာကွယ်ရမယ့် စာရင်းထဲမှာဆိုလည်း တောတွင်းတိရစ္ဆာန်အနေနဲ့ လုံးဝကာကွယ်ရမယ့် တိရစ္ဆာန်လည်းဖြစ်ပါတယ်။ 

နောက်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိမ်းအမှတ် တိရစ္ဆာန်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တွေက ဒီမှာဆိုလို့ရှိရင် မွေးမြူပေါက်ဖွားလာတဲ့ သားပေါက်တွေကို မူရင်းဒေသကို ပြန်ပြီးတော့လွှတ်ပေးဖို့ရယ်၊ နောက်ပြီးတော့ ဝါသနာရှင် ပညာရှင် သုတေသန ပြုလုပ်နိုင်ဖို့နဲ့ အများပြည်သူတွေ အနီးကပ် ကြည့်ရှုလေ့လာနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီသမင်တွေကို မွေးထားတာဖြစ်ပါတယ်"ဟု အုပ်ချုပ်ရေးမှူး ဦးရွှေဌေးလှိုင်က ဆိုသည်။

“ကျနော်တို့ဆီက အကောင်တွေတိုးလာတာကို ရွှေစက်တော်ကို ခြောက်ကောင်နဲ့ လက်ပန်းတောင်းတောင်ကို နှစ်ကောင်ပို့လိုက်ပြီး စုစုပေါင်း ၈ ကောင်ပို့လိုက်ပြီးဖြစ်ပါတယ်။ လက်ရှိ ၄ ကောင်ကျန်ခဲ့တဲ့အနေအထားမှာ သမင်အမကြီးကတော့ ၁ ကောင်၊ အထီးက ၃ ကောင်ကျန်ခဲ့တာပါ။ သမင်အမကြီးတစ်ကောင်ကိုတော့ မျိုးချန်ထားခဲ့လိုက်တာပေါ့နော်။ နောက်ပေါက်ဖွားလာတဲ့ အမတွေကိုကျတော့ ဒီမှာ သူ့ဆွေမျိုးထဲကနေ မွေးဖွားလာလို့ရှိရင် ဆွေမျိုးနီးစပ်တော်စပ်ပြီး ရေရှည်မှာ မျိုးပျက်သွားမှာ စိုးတဲ့အတွက်ကြောင့် အမတော်တော်များများကို မူရင်းဒေသပြန်ပို့ပြီး အခြားတစ်နေရာကနေ အမတွေကို ဒီကိုပြန်ပြီးယူဖို့အတွက် အစီအစဉ်ဆောင်ရွက်နေပါတယ်။ မကြာခင်မှာဆိုရင် ဌာနအစီအစဉ်နဲ့ နောက်ထပ်ရွှေသမင် ၅ ကောင် ရောက်ရှိလာဖို့ အစီအစဉ် ဆောင်ရွက်နေပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်းတွင် ရှားပါးမျိုးစေ့များ ဖြစ်ကြသော ကြယ်လိပ်များ ရွှေသမင်များအပြင် သဘာဝပေါက်ပင်များဖြစ်သော ရှား ထနောင်း မကျည်း အစရှိသည့် သစ်မျိုး(၉၀) ပရဆေးပင် (၁၆၀)မျိုးနှင့် ဝါး(၅)မျိုးအပြင် ပုန်းညက် စိန်ပန်းပြာ စိန်ပန်းနီ မြန်မာပိတောက် စကားဝါ ယင်းမာ အစရှိသည့် ပန်းအလှပင် (၃၂)မျိုးကိုလည်း လေ့လာနိုင်ကြောင်း သိရသည်။ ထို့အပြင် ဇီဝမျိုးစုံမျိုးကွဲ တိရစ္ဆာန်များဖြစ်သည့် ကြယ်လိပ် လေးကွက်လိပ် ငှက်ပန်းတိမ် ငှက်မင်းသား ချိုးလင်းပြာ ရွှေသမင် ဆတ် ဒေါင်းစိမ်း ယုန် အစရှိသည့် တောတွင်းတိရစ္ဘာန်အများအပြားကို လေ့လာနိုင်ကြောင်း သိရပြီး ရွှေသမင်(၅)ကောင်းအား ယခုလ ၁၅ ရက်နေ့တွင် လောကနန္ဒာဘေးမဲ့တောဥယျာဉ်သို့ ရောက်မည်ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ သိရသည်။

ဘိုဘို(မလှိုင်)