လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာကြယ်လိပ်များ

၁၃  သြဂုတ်

မြန်မာမျိုး ကြယ်လိပ်များ

ကမ္ဘာပေါ်တွင် ရှားပါးတိရစ္ဆာန်စာရင်းဝင်ဖြစ်သည့် မြန်မာကြယ်လိပ်များကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်း ညောင်ဦးမြို့မှ ချောက်မြို့သို့သွားရာ ကားလမ်းဘေးရှိ သီရိပစ္စယာကျေးရွာမှ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ထိန်းသိမ်းမွေးမြူထားသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင်ရှိသည့် ကြယ်လိပ်များကို ၂၀ဝ၁ ခုနှစ်က စတင်မွေးမြူခဲ့ပြီး စတင်မွေးမြူစဉ်က အထီး ၄၂ ကောင်နှင့် အမ အကောင် ၄၀ စုစုပေါင်း ၈၂ ကောင်သာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကြယ်လိပ်ခြံအတွင်း ကြယ်လိပ် စုစုပေါင်း ၅၈၀၆ ကောင်အထိ ရှိနေပြီဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးရွှေဌေးမောင်ထံမှ သိရသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်းရှိ ကြယ်လိပ်များမှာ မြန်မာမျိုး ကြယ်လိပ်များဖြစ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံ တည်းတွင်သာရှိသောမျိုး ဖြစ်သည်။

ကြယ်လိပ်မွေးသည့်ရည်ရွယ်ချက်များ

(၁) မူရင်းဒေသများတွင် မျိုးပျောက်ကွယ်မည်ကို စိုးရိမ်ဖွယ် ဖြစ်နေ၍ ကြယ်လိပ်များကို ခြံခတ်မွေးမြူပြီး မျိုးပွားလာစေရန်

(၂) ပေါက်ပွားလာသော သားပေါက်များကို မူရင်းဒေသသို့ ပြန်လွှတ်ပေးရန်

(၃) ဝါသနာရှင်၊ ပညာရှင်များ သုတေသနပြု လေ့လာနိုင်ရန်

(၄) အများပြည်သူ အနီးကပ်လေ့လာနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ် များကို ထိန်းသိမ်းမွေးမြူနေခြင်းဖြစ်ကြောင်း ဥယျာဉ်အုပ်ချုပ် ရေးမှူးက ရှင်းပြသည်။

မွေးဖွားပုံနှင့် ပေါက်ပွားနှုန်း

ကြယ်လိပ်များ၏ မွေးဖွားပုံနှင့် ပေါက်ပွားနှုန်းမှာ မေလမှ ဩဂုတ်လအထိ လေးလသည် မိတ်လိုက်သောရာသီဖြစ်ပြီး စက်တင်ဘာမှ မတ်လအထိသည် ဥသည့် ရာသီဖြစ်ကြောင်း၊ လိပ်မတစ်ကောင်သည် ဥရာသီ တစ်ရာသီအတွင်း တစ်ကြိမ်မှ ခြောက်ကြိမ်အထိ ဥတတ်ကြောင်း၊ တစ်ခါဥလျှင် တစ်လုံးမှ ၁၆ လုံးအထိ ဥတတ်ပြီး ဥများသည် မေ၊ ဇွန်၊ ဇူလိုင်လအတွင်း အကောင်ပေါက်ကြောင်း၊ မေလတွင် အများဆုံး ပေါက်ပွားတတ်ပြီး ပေါက်ပွားလာသည့် ကြယ်လိပ်လေးများကို ခြံခတ်မွေးမြူထားရကြောင်း၊ မြွေ၊ သိန်းငှက်နှင့် စွန်များ စားသောက်မည်စိုးသဖြင့် ကြယ်လိပ်အသေးများကို ခြံခတ်မွေးမြူရခြင်း ဖြစ်ကြောင်း၊ သုံးနှစ်ကြာအောင် ခြံခတ်မွေးပြီးမှ ဘေးမဲ့တောထဲသို့ ထည့်ရကြောင်း၊ ထို့နောက် ငါးနှစ် သို့မဟုတ် ခြောက်နှစ် အရွယ်ရောက်မှ မူရင်းဒေသသို့ ပြန်လွှတ်ပေးရကြောင်း ဘေးမဲ့တောဥယျာဉ် ကြယ်လိပ်စခန်းမှ တောခေါင်းဦးမြင့်မောင်ထံမှ သိရသည်။

ကျန်းမာရေးစစ်ဆေးပေးခြင်း

ကြယ်လိပ်များ၏ ကျန်းမာရေးအတွက် တစ်ရက်လျှင် အစာကို တစ်ကြိမ်သာကျွေးရပြီး အများအားဖြင့် ညနေ ၃ နာရီအချိန်တွင် အစာကျွေးလေ့ရှိကာ ထိုအချိန်တွင် ကျန်းမာရေးလည်း စစ်ဆေးပေးလေ့ရှိကြောင်း၊ ကြယ်လိပ်များကို ကျန်းမာရေးစစ်ဆေးရာတွင် နှာစေးခြင်း၊ ကိုယ်လက်ရောင်ရမ်းခြင်းများ တွေ့ရှိလျှင် သီးခြားခွဲထားပြီး အုပ်ချုပ်ရေးမှူးထံ ပြသကာ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးသို့ ပြသ၍ လိုအပ်သောဆေးဝါးများ ထိုးပေးရကြောင်း၊ ယခုလို စောင့်ရှောက်ပေးမှုကြောင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်၌ ကြယ်လိပ်များ သေဆုံးမှု နည်းပါးကြောင်း၊ ယခု ၂၀၁၉ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ဥများ၏ ၄၈ ရာခိုင်နှုန်း အောင်မြင်စွာ သားပေါက်ကာ စုစုပေါင်း ၁၃၁၅ ကောင် ပေါက်ပွားခဲ့ကြောင်း၊ ကြယ်လိပ်များမှာ သားပေါက်မှုနှုန်း ကောင်းမွန်သလို သေနှုန်းနည်းခြင်းကြောင့် ကောင်ရေများစွာ တိုးလာနေကြောင်း ကြယ်လိပ်စခန်းမှ တောအုပ် ဦးအောင်ကျော်ထံမှ သိရသည်။

ကြယ်လိပ်ခြံအတွင်း ကြယ်လိပ်ကောင်ရေများလာတာနဲ့ အမျှ ခြံထဲမှာ လိပ်မတွေအတွက် ဥဖို့ နေရာအခက်အခဲတွေ ဖြစ်လာတဲ့အပြင် မူရင်းဒေသတွေကို ပြန်လည်စေလွှတ်ဖို့ဆိုတဲ့ အဓိကရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အခါမှာ အကောင်ရေများများ လွှတ်နိုင်ဖို့ လိုနေပါတယ်ဟု ၎င်းက ပြောသည်။

ကာကွယ်စောင့်ရှောက်မှု အခက်အခဲ

ကြယ်လိပ်များသည် လှပသည့်အတွက် နိုင်ငံတကာတွင် အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးကြပြီး အချို့နိုင်ငံများ၌ ကြယ်လိပ်များကို အိမ်၌မွေးထားလျှင် လာဘ်ကောင်းသည်ဟု အယူအဆများရှိ၍ ကြယ်လိပ်၏တန်ဖိုးမှာ တရားမဝင် ဈေးကွက်များတွင် များစွာမြင့်တက်နေတတ်ကြောင်း၊ လောကနန္ဒာကြယ်လိပ်ခြံအတွင်း၌လည်း ကြယ်လိပ်အကောင်ရေ များပြားလာသည်နှင့်အမျှ မသမာသူများ၏ ခိုးယူမှုမှကာကွယ်နိုင်ရန် စောင့်ရှောက်နေရသဖြင့် ကာကွယ်စောင့်ရှောက်မှု အပိုင်း၌ များစွာအခက်အခဲရှိနေကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူးက ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။

လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်း ကမ္ဘာပေါ်တွင် ရှားပါးတိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်သော မြန်မာမျိုး ကြယ်လိပ်များကို နှစ်စဉ် ကောင်ရေထောင်ဂဏန်းအထိ ထိန်းသိမ်းမွေးမြူကာ တိုးပွားအောင် ဆောင်ရွက်လျက် ရှိသည့်အပြင် အသက် နှစ် ၂၀ ခန့်ရှိသော ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

သတင်းဆောင်းပါး - ဘိုဘို(မလှိုင်)