ညောင်ဦး ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်မွေးမြူထားရှိသည့် မြန်မာ့ကြယ်လိပ်များသည် ထောင်နှင့်ချီပေါက်ဖွားနေကြောင်း သိရသည်။
ကြယ်လိပ်များ မျိုးဆက်မပျက်သုဉ်းရေးအတွက် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်အထီး ၄၂ ကောင်၊ အမ အကောင် ၄၀ စုစုပေါင်း ၈၂ ကောင်ကို ၂၀၀၁ ခုနှစ်မှ စတင်မွေးမြူခဲ့ကြောင်း၊ မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာ ပေါက်ဖွားနှုန်းရှိခဲ့သော်လည်း ယခုအခါ နှစ်စဉ် ထောင်နှင့်ချီ ပေါက်ဖွားလာနေကြောင်း၊ ယခင်နှစ်က ကြယ်လိပ်သားပေါက် ၁၅၇၆ ကောင် ပေါက်ဖွားခဲ့သော်လည်း၊ ၂၀၂၃ ခုနှစ် ဇွန် ၂၀ ရက်အထိ အကောင် ၂၁၀၀ ကျော် ပေါက်ဖွားခဲ့ကြောင်းနှင့် သားပေါက်ရာသီ မကုန်ချိန်ထိ ၂၀၂၂ ခုနှစ်ကထက် ၅၂၄ ကောင် ပိုမိုပေါက်ဖွားလာကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်၏ ရှင်းပြချက်အရ သိရသည်။
ထို့အပြင် အရွယ်ရောက်ကြယ်လိပ်များအား ကြယ်လိပ်များ၏ နေရင်းဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မင်းစုံတောင် ဘေးမဲ့တောဥယျာဉ်သို့ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်ရန် ပြန်လည်လွှတ်ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ် ကြယ်လိပ်သားပေါက်ရာသီတွင် ဥတစ်လုံးထဲမှ ရင်ချင်းဆက် အမွှာကြယ်လိပ်တစ်စုံလည်း ပေါက်ပွားရှင်သန်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း