မွေးနေ့ပွဲကိုသွားတဲ့အခါ
ကလေးတို့သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲကို မကြာခဏသွားဖူး ကြမှာပေါ့။ ကိတ်မုန့်တွေခွဲကြ၊ မုန့်တွေစားကြနဲ့ မွေးနေ့ပွဲ သွားရတာ သိပ်ကိုပျော်စရာကောင်းမှာပဲ။ မွေးနေ့ပွဲတွေကို သွားတဲ့အခါ ကလေးတို့သတိထားသင့်တဲ့ ယဉ်ကျေးလိမ္မာတဲ့ အပြုအမူကောင်းလေးတွေ ရှိပါတယ်။ သတိထားပြီး လိုက်နာကြမယ်ဆိုရင်တော့ ကလေးတို့ဟာ ချစ်စရာကောင်းတဲ့အပြင် လိမ္မာလိုက်တာ၊ တော်လိုက်တာလို့ ချီးကျူးခံရမှာ သေချာတာပေါ့။ အဲဒီအချက်တွေရဲ့ ပထမဆုံးကတော့ ကလေးတို့ဟာ မွေးနေ့လုပ်တဲ့အိမ်မှာ ဘယ်အရာကိုမှ မွေးနေ့ရှင်သူငယ်ချင်း ဒါမှမဟုတ် သူ့မေမေတို့ ခွင့်မပြုဘဲ မထိမကိုင်မိဖို့လိုပါတယ်တဲ့။ နောက်တစ်ခုကတော့ မွေးနေ့မှာ ကျွေးမွေးတဲ့အစားအစာတွေနဲ့ပတ်သက်ပြီး မကောင်းပါဘူးတို့၊ ပေါ့တယ် ငန်တယ်တို့၊ မကြိုက်ဘူးတို့ဆိုတာမျိုးကိုလည်း မပြောမိစေဘဲ မကြိုက်ရင်တောင် နည်းနည်းလေးဖြစ်ဖြစ် ကျွေးမွေးတဲ့သူ စေတနာကို အသိအမှတ်ပြုတဲ့အနေလေးနဲ့ စားသင့်ပါတယ်တဲ့။ နောက်တစ်ချက်က မွေးနေ့ရှင်ကိုရော၊ မွေးနေ့ပွဲကိုရောက်လာတဲ့ သူငယ်ချင်းတွေကို မလှဘူးတို့၊ ဝတ်ထားတာ ရယ်စရာကောင်းတယ်တို့ ပြောတာ၊ လှောင်ပြောင်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ စတုတ္ထအချက်က မပြန်ခင်မှာ မွေးနေ့ရှင်ကိုရော သူ့မိဘတွေ ကိုပါ ကျေးဇူးတင်တဲ့အကြောင်း မပျက်မကွက်ပြောသင့်ပါတယ်တဲ့။ နောက်တစ်ချက်က သူတို့ရဲ့ အခန်းတံခါးတွေကို ဖြတ်ပြီး ဝင်ရတော့မယ့်အခါ တံခါးပိတ်ထားရင်ခေါက်ပြီး၊ အသိပေးပြီးမှ ဝင်ရပါမယ်တဲ့။ မဖြစ်မနေပြောသင့်တာကတော့ ဘာကူညီပေး ရမလဲဆိုတာဖြစ်ပြီး လိုအပ်တဲ့အကူအညီရှိရင်လည်း ခပ်မြန်မြန်လေး ဝင်ကူပေးလိုက်ပါတဲ့။ ဖုန်းတွေပြောနေတာမျိုးလည်း မလုပ်ဘဲ မွေးနေ့ရှင်အတွက် မွေးနေ့သီချင်းဆိုတဲ့အခါမှာလည်း ခပ်ကျယ်ကျယ်လေးနဲ့ ပြုံးပြုံးရွှင်ရွှင် လက်ခုပ်တီး ဆိုပေးလိုက်ခြင်းအားဖြင့် အခင်ဆုံး သူငယ်ချင်းတွေအများကြီး ရလာတော့မယ်ဆိုတာ သေချာပါတယ်တဲ့။ ဒါကြောင့် ကလေးတို့ သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွင် ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းပေးရင်း လောကဝတ်ကလေးတွေကို လေ့ကျင့်ကြည့်ကြရအောင်နော်။
လေလည်တာကို အောင့်ထားမလား၊ လွှတ်လိုက်မလား

ကလေးတို့သူငယ်ချင်းတွေနဲ့ အတူတူရှိတဲ့အချိန် လေလည် (အီးအီးပေါက်) ချင်တာမျိုးဖြစ်ဖူးလား။ လေလည်တယ်ဆိုတာ ကျန်းမာရေးအတွက်တော့ တော်တော်လေးကောင်းတဲ့ကိစ္စ ဖြစ်ပေမယ့် အနံ့အသက်ဆိုးကတော့ သူများကို ထိခိုက်စေတာပေါ့။ ဒါကြောင့်မို့လို့ ထိန်းချုပ်ထားရင်လည်း အဆင်မပြေနိုင်ဘဲ ဗိုက်တွေနာလာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်တယ်။ ဒါဆိုရင် လူအများကြီးရှိတဲ့အချိန်မှာ လေလည်ချင်တဲ့ ကလေးလေးတွေ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။ နိုင်ငံအလိုက် လေလည်တာကို အကောင်းမြင်တတ်တာရှိသလို မကြိုက်ကြတာ လည်းရှိပါတယ်။ လေလည်ရင် စတော်ဘယ်ရီနံ့လေးသင်းအောင် သောက်ရတဲ့ဆေးလည်း ပေါ်နေပြီတဲ့။ ကလေးတို့ကို အကြံပေးရရင် လေလည်ချင်တာနဲ့ လူအများကြီးနဲ့ နည်းနည်းလှမ်းတဲ့ နေရာကို သွားလိုက်ပါတဲ့။ ခြေလှမ်းငါးလှမ်းစာလောက် ဆိုရင်တောင် လုံလောက်ပါတယ်တဲ့။ ဒါမှမဟုတ် လူအုပ်ထဲမှာ ဆိုရင် လေလည်ချင်ရင် အောင့်မထားဘဲ ခပ်မြန်မြန်လေး စွန့်ထုတ်လိုက်ပါတဲ့။ အားလုံးကိုတော့ အနံ့အသက်အတွက် တောင်းပန်တဲ့အကြောင်း အမူအရာနဲ့ဖြစ်ဖြစ်၊ ဖွင့်ပြောပြီးဖြစ်ဖြစ် လုပ်လိုက်ရင် အားလုံးကလည်း နားလည်ပေးကြမှာပါတဲ့။ တော်တော်ကြာ ဗိုက်အောင့်လာရင်သူတို့လည်း စိတ်ပူရသလို ကလေးတို့လည်း ခံစားရမှာပေါ့။ သူတို့ကိုပြောပြဖို့လည်း ရှိပါသေးတယ်။ လေလည်တဲ့ အနံ့အသက်ကနေ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ အရာတွေရတယ်ဆိုပြီး သုတေသနတွေတောင် ရှိတဲ့အကြောင်းပေါ့လေ။ ဒါကြောင့် သူများ လေလည်ရင်လည်း မရယ်မောမိစေပါနဲ့နော်။ ကိုယ့်ကိုလည်း စာနာသူတွေ ဒါမှပိုများလာမှာ ပေါ့နော်။ ။
မမမေ