၁၉ မေ

ပြည်ပပို့ကုန် ဆေးဖက်ဝင်အမယ် တစ်ခုဖြစ်သည့် ဆေးကုလားမ (ခေါ်) လျှော်ဖြူအစေးကို ကိုဗစ်-၁၉ ကာလများအတွင်း တင်ပို့မှုမရှိသလောက် ကျဆင်းခဲ့ရာ တောင်သူများမှာ အပင်ပြုစုစောင့်ရှောက်မှုများ ပုံမှန်ပြုလုပ်ရင်း ယခင်နှစ်များအတိုင်း ဈေးကွက်ပြန်လည် ကောင်းမွန်လာမည့်အချိန်ကို မျှော်လင့်နေကြကြောင်း  လျှော်ဖြူခြံလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“၂၀၁၉ လောက်အထိက ဈေးကောင်းကောင်း ရခဲ့ကြတယ်။ ၂၀၂၀၊ ၂၀၂၁ ခုနှစ် ကိုဗစ်ကာလ တစ်လျှောက် ဈေးတွေပြုတ်ကျလာတာပါ။ တောင်သူတွေတင် မကဘူး။ ပွဲစားတွေအတွက်လည်း အဆင်မပြေကြပါဘူး။ အရင်က ပွဲစားတွေက တစ်ပိဿာကို တစ်ထောင်ကျပ်လောက် အမြတ်ရခဲ့တယ်။ အခုကျတော့ ပွဲစားတွေအတွက်လည်း တစ်ပိဿာကို အမြတ် တစ်ရာကျပ်၊ နှစ်ရာကျပ်လောက်သာ အမြတ်ကျန်တော့တယ်။ တောင်သူတွေကျတော့လည်း ခြံထုတ်စရိတ်ကိုက တစ်ပိဿာကို ရှစ်ထောင်၊ ကိုးထောင်လောက် ကုန်ကျထားတယ်။ လက်ရှိဈေးက တစ်ပိဿာကို ငါးထောင်ကျပ်လောက်ပဲ ရတာဆိုတော့ တောင်သူတွေ ရှုံးနေတာပေါ့။ ဒါ့ကြောင့် ဈေးကောင်းရဖို့ကို မျှော်နေကြတာပါ။ လျှော်ဖြူကနေ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်ရင်တော့ ဈေးကောင်းရနိုင်ပါတယ်။ ဒါကလည်း ထုတ်လုပ်တဲ့သူ နည်းနေပါသေးတယ်။”ဟု မြန်မာနိုင်ငံ လျှော်ဖြူ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ဒုတိယဉက္ကဌ ဦးဇင်မင်းသန့်က ပြောသည်။

 ယခင်ဈေးကွက်ကောင်းစဉ်အခါက လျှော်ဖြူအစေးတစ်ပိဿာလျှင် ငွေကျပ်(၄၅၀၀၀)မှ  (၅၀၀၀၀) အထိ ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခြေအနေတွင် လျှော်ဖြူအစေး တစ်ပိဿာလျှင် ငွေကျပ်(၅၀၀၀)ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းနေကြောင်း သိရသည်။

 “ကျွန်တော်တို့က အစေးခြစ်တာကို ရပ်ထားလိုက်ကြတယ်။ အရောင်းအဝယ်တွေ မကောင်းတာကြောင့်ပါ။ တော်တော်လေး အစေးထွက် လှိုင်နေတဲ့အချိန်မှာမှ ကိုဗစ်ဖြစ်တာကြောင့် ဈေးကွက်မကောင်းတော့ အစေးခြစ် ရပ်လိုက်ကြတာ။ လောလောဆယ် လျှော်ဖြူအစေး ဈေးကွက်မှာက အဲ့ဒီလိုဖြစ်နေတာပါ။ လျှော်ဖြူပင်က နှစ်ရှည်ပင်ဖြစ်တော့ ပုံမှန်ပြုစုစောင့်ရှောက်မှုကတော့ လုပ်ပေးရတယ်။ သို့သော် အများကြီး လုပ်ပေးနေရတာတော့ မဟုတ်ဘူး။ မိုးတွင်းမှာ ပိုးမကျအောင် ဆေးပက်ပေးရတာလောက်ပဲ ရှိတယ်။ သူ့ရဲ့အမြစ်က အောက်ကိုစိုက်သွားတဲ့ပုံစံမို့လို့ အပင် ကြီးလာလေလေ အမြစ်က အောက်စိုက်သွားလေပဲ။ တအားပြုစုထိန်းသိမ်းပေးနေစရာတော့ မလိုပါဘူး။”ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကျောက်ကာတောင်ကျေးရွာမှ လျှော်ဖြူခြံလုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ငယ်က ပြောသည်။

 မြန်မာနိုင်ငံတွင် လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးသည်။

နန်းထက်ထက်ချစ်

mdn