လွိုင်ကော် ၆ သြဂုတ်

 

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ မွန်းလွဲပိုင်းက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လောပိတမြို့အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆိုလစယ် ကျေးရွာအဝင် မြေသားလမ်း ရေတိုက်စားမှု နေရာအား ပြန်လည်ပြုပြင်ခြင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်အသုံးပြုနိုင်ရန်အတွက် လမ်းရေနုတ်မြောင်း မြေထိန်းနံရံ ထည့်သွင်းတည်ဆောက်ရန် လိုအပ်လျက်ရှိသဖြင့် ပံ့ပိုးပေးနိုင်ပါရန် တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ငွေကျပ်(၂) သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောပိတမြို့၊ လောကထုကျေးရွာ ရွာတွင်းလမ်း ကျောက်ချောလမ်းအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အပြီးသတ် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် ရန်ပုံငွေများ ပံ့ပိုးပေးနိုင်ပါရန် တင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်မှ ရန်ပုံငွေကျပ် (၁၀)သိန်းအား လည်းကောင်း၊ ယင်းနောက် လောပိတမြို့၊ ရှမ်းရွာသို့ ရောက်ရှိပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ရှမ်းရွာကျေးရွာမှ ရပ်မိရပ်ဖများမှ ကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိသည့် ဓမ္မာရုံအဝင်လမ်း ကျောက်ချော ခင်းခြင်းလုပ်ငန်းအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအပြီးသတ် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ရန်ပုံငွေများ ပံ့ပိုးပေးနိုင်ပါရန် တင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ ရန်ပုံငွေကျပ် (၁၀)သိန်းအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)