မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ သံသယလူနာ စောင့်ကြည့်လူနာဦးရေ လျော့ကျ လာခြင်း၊ ဓာတ်ခွဲစစ်ဆေးမှုများ အရ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုရာခိုင်နှုန်းများ အပြောင်းအလဲမရှိ သလောက်ဖြစ်ခြင်းတို့ကြောင့် အခြေအနေတည်ငြိမ်လျက်ရှိပြီး ကောင်းသောသဘောကို ဆောင်နေ ကြောင်း ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် လက်ရှိအခြေအနေအား ယေဘုယျ ခြုံငုံ သုံးသပ်ချက်အကျဉ်းချုပ်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ရာ၌ ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင် အသွားအလာကန့်သတ်ထားရှိမှုနှင့် အသွားအလာ ကန့်သတ်ထားရှိရာနေရာ အဆောက် အအုံအရေအတွက်များ တစ်နေ့တခြား ကျဆင်းလာလျက်ရှိသည်မှာလည်း ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ထားသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုနှင့် သေဆုံးမှု မြင့်မားနေဆဲ အခြေအနေတွင် မိမိတို့မြန်မာနိုင်ငံ၌ ထိန်းချုပ်ထားနိုင်သည့် အနေ အထားတစ်ရပ်ဖြင့် အခြေအနေတည်ငြိမ်မှုရရှိနေခြင်းမှာ သတင်း ကောင်းပင်ဖြစ်သည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်ထားသော ရောဂါကာကွယ် ရေးနည်းလမ်းများ အသုံးပြုမှု နှင့် စည်းကမ်းများလိုက်နာမှုတို့ အလွန်အားနည်းနေခြင်း၊ ပြည်သူ များအနေဖြင့်လည်း ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် ခပ်ခွာခွာ နေထိုင်ခြင်း လမ်းညွှန်မှုများကို လုပ်ဆောင်မှုအားနည်းနေခြင်း၊ ရပ်ကွက်ကျေးရွာများ၊ ဈေးကြီးများ၊ စူပါမတ်ကက်များ၊ စက်ရုံ အလုပ်ရုံများ၊ လူဦးရေထူထပ်သည့်နေရာများ၌ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေး နှိုးဆော်မှု လျော့ရဲလာခြင်းတို့ကမူ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကိုဖိတ်ခေါ်သကဲ့သို့ဖြစ်နေပြီး စိုးရိမ်ဖွယ် အခြေအနေဖြစ်သည်။
ကူးစက်ရောဂါဖြစ်ပွားမှု ကာလတာရှည်လာသည်နှင့်အမျှ ရောဂါအပေါ် အလေးအနက်ထားမှု လျော့ပါးလာပြီး ကာကွယ် ထိန်းချုပ်မှု စည်းမျဉ်းစည်းကမ်းအပေါ် လိုက်ပါလုပ်ဆောင်မှုတို့လျော့ရဲ လာခြင်း၊ မလုပ်တော့ခြင်းတို့က ကူးစက်မြန်ရောဂါပိုး၏ အငိုက်ဖမ်းတိုက်ခိုက်မှုကို မထင်မှတ်ဘဲ ခံရနိုင်သည်။ အိမ်နီးချင်း နိုင်ငံများနှင့် ထိစပ်နေသည့် တရားမဝင် ဝင်ပေါက်များမှ ခိုးဝင်လာ သူများတွင် ရောဂါပိုးကူးစက်ပါရှိလာပြီး ပြည်တွင်းကူးစက်ပြန့်ပွား နိုင်သည့် အန္တရာယ်နှင့် မြန်မာ နိုင်ငံတွင် ပိုးတွေ့လူနာစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းတွင် ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရခြင်း ကြောင့် လူကောင်းနှင့် မခြားသည့် ပိုးတွေ့လူနာများထံမှ ကူးစက် ပြန့်ပွားနိုင်သည့် အန္တရာယ် များရှိနေခြင်းကြောင့် ရုတ်တရက် ရောဂါ ကူးစက်ခံထားရသူ အများအပြားပေါ်ထွက်လာနိုင်သည့် အခြေအနေ ရှိနေဆဲဖြစ်သည်ကို ဂရုပြုကြရန်လိုသည်။
ယခုအခါ ဈေးများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်တိုက်များ ပုံမှန်နီးပါးဖွင့်လှစ် နေပြီး ရောင်းဝယ်စားသောက် သွားလာသူများနှင့် အထိုက်အလျောက် စည်ကားနေပြီဖြစ်သလို အခြေခံပညာအထက်တန်းကျောင်းများမှာလည်း ရောဂါကာကွယ် ထိန်းချုပ်ရေး ကျင့်စဉ်များ ကျင့်သုံးကာ ဖွင့်လှစ်နေပြီဖြစ်သည်။ ယင်းအခြေအနေများမှာ သတိကြီးကြီးထားပြီး တဖြည်းဖြည်း ဖြေလျှော့နေရခြင်း ဖြစ်သည်ကိုလည်း သတိပြုမိသည်။ ရောဂါ ကူးစက်မှုများရုတ်တရက် ထွက်ပေါ် လာပါကဖြေလျှော့ပေးထားသည် တို့ကို ပြန်လည်ရုပ်သိမ်းပြီး တားဆီးကန့်သတ်မှုများကို တင်းတင်း ကျပ်ကျပ် ပြန်လည်ပြုလုပ်ရမည်သာဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ လက်ရှိရထားသည့်အခြေအနေ ကောင်းများမှာ ရှေ့တွင် ဆောင် ရွက်ခဲ့ကြသော ချိန်ခါကိုက်ညီ၊ ဟန်ချက်ညီ၊ စည်းချက်ညီ၊ စုပေါင်းဆောင်ရွက်၊ ဝိုင်းဝန်းဆောင်ရွက် ခဲ့ကြသည့် အကျိုးရလဒ်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးကို အရိပ်ထိုးအုပ်မိုး ထားနေဆဲဖြစ်ရာ မိမိတို့ နိုင်ငံ အနေဖြင့်လည်း မပေါ့သော သတိ၊ မလျှော့သော လုံ့လဝီရိယတို့ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကြရအုံးပါမည့်အကြောင်း။