အမာ ၁၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ကမ်းနားကွင်းကျေးရွာတွင် ဇွန်လ(၁၁)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင်လဲပြီး အိမ်ပေါ်ပိကာ အိမ်ပြိုကျပျက်စီးခဲ့သော ဦးဝင်းမြင့်မိသားစုအား ဖျာပုံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး တာဝန်ရှိသူများက အဆိုပါကျေးရွာသို့ ကွင်းဆင်း၍ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးဝင်းမြင့်နှင့်မိသားစု(၆)ဦး နေထိုင်သော အလျားပေ(၂၀) အနံ(၁၀)ပေ ဓနိမိုး၊ ဝါးထရံကာ ပျဉ်ခင်းအိမ်၏ ခေါင်းရင်းဘက် အုန်းပင်သည် လေတိုက်ခတ်ချိန် လဲကျပြီး အိမ်ခေါင်းရင်းဘက်ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ ဆွေမျိုးနီးစပ်အိမ်သို့ပြောင်းရွေ့နေထိုင်ခဲ့ရာ ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ဖျာပုံခရိုင်ရုံးမှ တာဝန်ရှိသူရောက်ရှိလာပြီး အိမ်ပြန်ပြင်ဆောက်လုပ်ရန်အတွက် ငွေကျပ်ငါးသောင်း မိသားစု(၆)ဦး၊ (၇)ရက်စာအတွက် (၁၂၆၀ဝ)ကျပ်၊ စုစုပေါင်း(၆၂၆၀ဝ)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းမြင့်အောင် (ပြန်/ဆက်)


