သိန်းထွန်း (IR)
ကိုယ်စီအရည်အသွေး
ကျွန်တော်တို့နေထိုင်ရာ သဘာဝလောကကြီးဟာ မတူညီတဲ့ အလှတရားတွေ၊ အရည်အသွေးတွေနဲ့ ဖန်တီးထားပါတယ်။ သဘာဝတရားရဲ့ အံ့မခန်းဖန်တီးမှုပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိ၊ သက်မဲ့တွေကို ကြည့်ကြည့်ပါ။ အရောင် အသွေးစုံလင်လှတဲ့ သဘာဝအလှတရားတွေဟာ သူ့အဆင်း၊ သူ့အချင်းနဲ့ လှပ တန်ဖိုးရှိနေကြတာချည်းပါပဲ။
သဘာဝတရားကြီးက သက်ရှိလည်း သက်ရှိအလျောက်၊ သက်မဲ့လည်း သက်မဲ့ အလျောက် ကိုယ်ပိုင်အလှ၊ ကိုယ်ပိုင်အရည်အသွေးတွေ ပေးထားပါတယ်။ အဲဒီ ကိုယ်စီအလှနဲ့ အရည်အသွေးတွေထဲမှာ တူတာတွေလည်း ရှိတယ်၊ မတူတာ တွေလည်းရှိတယ်။ အချို့က သိသိသာသာ ကွဲပြားကြတယ်။ အချို့က နည်းနည်းပဲ ကွဲပြားကြတယ်။ အဲဒီလို မတူကွဲပြားနေတာတွေကပဲ တစ်ခုချင်းစီရဲ့ မတူ ကွဲပြားမှုတန်ဖိုးဖြစ်နေတာပါ။ ပန်းအလှ ဆင်တဲ့သူတွေဟာ ပန်းတစ်မျိုးချင်းစီရဲ့ မတူကွဲပြားမှုတန်ဖိုးကိုသုံးပြီး လှပတဲ့ ပန်းအိုးတွေကို ဖန်တီးကြပါတယ်။ သူတို့က မတူတဲ့အလှနဲ့ အရည်အသွေးတွေကို အချိုးကျကျ ပေါင်းစပ်အသုံးချလိုက်တဲ့အခါမှာ လှပတဲ့ပန်းအိုးတစ်လုံး ဖြစ်လာပါတယ်။
လူမှုပတ်ဝန်းကျင်မှာလည်း အဲဒီလိုပါပဲ။ လူတစ်ဦးချင်းစီတိုင်းမှာ အခြားသူ နဲ့မတူတဲ့ အလှတရား၊ အရည်အသွေး၊ စွမ်းရည်နဲ့ကျွမ်းကျင်မှုတွေ ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ရှစ်ဘီလီယံကျော် ရှိပါတယ်။ အဲဒီထဲမှာ လူမျိုး၊ အသားအရေ၊ ရုပ်သွင်ပြင်၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုစတဲ့ မတူညီတာတွေ အများကြီးပါ။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး ဘယ်လိုပဲကွဲပြားခြားနားပါစေ အဲဒီကွဲပြားခြားနားမှုကပဲ သူ့ရဲ့ကိုယ်ပိုင်တန်ဖိုးအနေနဲ့ ပိုင်ဆိုင်ထားကြပါတယ်။
ကျွန်တော်တို့တစ်တွေဟာ လူအများနဲ့ စုပေါင်းနေထိုင်လုပ်ကိုင်ကြတဲ့အခါ သူ့နေရာနဲ့သူ တစ်ဦးချင်းစီရဲ့ မတူညီတဲ့ တန်ဖိုးတွေ အသုံးဝင်တာကို တွေ့ဖူးကြပါလိမ့်မယ်။ မတူကွဲပြားမှုတွေကို အံဝင်ခွင်ကျ အသုံးချနိုင်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူအများနဲ့ စုပေါင်းအလုပ်လုပ်ကြတဲ့အခါ ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးတွေကို လေးစားတန်ဖိုးထား အသုံးချနိုင်တဲ့အပေါ်မူတည်ပြီး ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။
လေးစားတန်ဖိုးထား
အဲဒီတော့ တစ်ဦးချင်းစီအလိုက်ရှိကြတဲ့ မတူညီတဲ့တန်ဖိုးတွေကို ရှုမြင်တတ်၊ ရှာဖွေတတ်၊ လေးစားတန်ဖိုးထားတတ်ဖို့ဟာ လူတိုင်းအတွက် အရေးပါတဲ့ အရည်အချင်းတစ်ရပ် ဖြစ်လာပါတယ်။ ဥပမာ လူတစ်ယောက်တည်းကိုပဲ ပတ်ဝန်းကျင်က လူတွေက အမျိုးမျိုးမြင်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့အမြင်တွေ မတူညီတတ်ကြပါဘူး။ ကြည့်ရှုခံရသူက တစ်ဦးတည်း ဖြစ်ပေမယ့် ကြည့်ရှုသူပြောင်းလဲသွားတာနဲ့ အမြင်တွေပြောင်းလဲသွားတာဟာ ကြည့်ရှုသူ တစ်ဦးချင်းစီက သူတို့ရဲ့ စိတ်အခြေခံ၊ လိုအင်ဆန္ဒ၊ ဆင်ခြင်တုံတရား၊ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးခံရမှုစတဲ့ အကြောင်းတရားတွေအပေါ် မူတည်ပြီး ကြည့်ရှုကြတဲ့အတွက် အမြင်တွေ ကွဲပြားသွားကြပါတယ်။ တရုတ်တွေးခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်က “အရာရာတိုင်းမှာ အလှတရားတွေ ရှိကြတယ်၊ ဒါပေမဲ့ အဲဒါတွေကို လူတိုင်းက မမြင်နိုင်ဘူး” လို့ ဆိုပါတယ်။
လူမှုကျင့်ဝတ်ဖြစ်
မတူညီမှုကို လေးစားတန်ဖိုးထားတာဟာ လူသားဆန်မှုနဲ့ ကျင့်ဝတ် ဆိုင်ရာအမူအကျင့်တွေရဲ့ အခြေခံလို့ ဆိုကြပါတယ်။ လူတစ်ဦးကို လေးစား တန်ဖိုးထားတယ်ဆိုတာ သူ့ရဲ့မတူကွဲပြားတာတွေကို လျစ်လျူရှုတာ ဒါမှမဟုတ် သည်းခံတာကို မဆိုလိုပါဘူး။ အဲဒီအစား သူ့ရဲ့မတူကွဲပြားတာတွေကို အသိအမှတ် ပြုတယ်၊ သူတို့ရဲ့ အရေးပါမှုကို နားလည်ပေးတယ်။ ပြီးတော့ မတူကွဲပြားတဲ့အပေါ်မှာ စိတ်ဝင်စားမှု၊ ယဉ်ကျေးမှုနဲ့ ဂရုစိုက်တာတွေ ပါပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမျှဝေပေးပြီး လေးစား တန်ဖိုးထားတတ်တဲ့ ကျင့်ဝတ်တွေ လိုက်နာမယ်ဆိုရင် မတူကွဲပြားတာတွေကို ကျော်လွန်ရှုမြင်နိုင်ပါတယ်။
ဒီကနေ့မှာ လူမှုကျင့်ဝတ်လိုက်နာမှုတွေ လျော့နည်းနေပါတယ်။ အဲဒီလိုအချိန်မှာ မတူကွဲပြားတာကို လေးစားတန်ဖိုးထားတတ်ဖို့ ကျင့်ဝတ်လိုက်နာတာတွေ ကဏ္ဍတိုင်း၊ နေရာတိုင်းမှာ လိုအပ်နေပါတယ်။ လိုက်နာရမယ့် လူမှုကျင့်ဝတ်တွေထဲမှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာစတဲ့ ကိုယ်စိတ်နှလုံး သုံးပါးစလုံးနဲ့ လေးစားတတ်တဲ့ အမူ အကျင့်တွေ ပါပါတယ်။ အထူးသဖြင့် (၂၁) ရာစုမှာ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှု တွေအပြင် ကိုယ်ရည်ကိုယ်သွေးဆိုတဲ့ အရည်အချင်းတွေလည်း လိုအပ်နေပါတယ်။ ကဏ္ဍတိုင်းမှာ ဆက်ဆံလုပ်ကိုင်ရတာတွေ ကျယ်ပြန့်နေတဲ့အတွက် အရည်အချင်း ကန့်သတ်ဘောင်ထဲမှာ နေလို့မရတော့ပါဘူး။ မတူကွဲပြားတာတွေကို အပြုသဘော တုံ့ပြန်နိုင်ဖို့ ကိုယ့်မှာအရည်အသွေးနဲ့ ကျင့်ဝတ်လိုက်နာမှုတွေ ဖြည့်ဆည်းထားဖို့လိုမှာ ဖြစ်ပါတယ်။ ဒါမှ သူ့အကျိုး၊ ကိုယ့်အကျိုး ဖော်ဆောင်နိုင်မှာပါ။
အပြုသဘောတုံ့ပြန်
မတူကွဲပြားတာတွေကို လေးစားတန်ဖိုးထားပြီး အပြုသဘောဘယ်လို တုံ့ပြန်နိုင်တယ်ဆိုတာက လူတစ်ဦးရဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ရပ်ပါ။ ဒါကြောင့်မို့ ဒီကနေ့ အလုပ်လျှောက်ကြတဲ့အခါ မတူကွဲပြားတဲ့အပေါ် လေးစားတန်ဖိုးထားတတ်တဲ့ အရည်အချင်းကို လိုအပ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းတောင်းဆိုကြပါတယ်။ အဲဒီအရည် အချင်းပြည့်ဝမှ လုပ်ငန်းခွင်အတွင်းမှာ စုပေါင်းလုပ်ကိုင်နိုင်မှာမို့ လုပ်ငန်း လိုအပ်ချက်တစ်ရပ်အနေနဲ့ တောင်းဆိုကြတာပါ။
လုပ်ငန်းခွင်အတွင်းမှာ မတူကွဲပြားတာတွေကို အပြန်အလှန်လေးစားတန်ဖိုးထားပြီး အပြုသဘောတုံ့ပြန်နိုင်မှ အဖွဲ့အစည်းစိတ်ဓာတ်ကို တည်ဆောက်နိုင်ပါတယ်။ ဒါ့အပြင် တီထွင်ဖန်တီးမှုနဲ့ ပြဿနာဖြေရှင်းမှုတွေမှာ ပိုပြီးကောင်းမွန် တဲ့ အခွင့်အလမ်းတွေ ရရှိစေတာ၊ ပိုပြီး ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာ၊ အမြတ်အစွန်းနဲ့ ကုန်ထုတ် စွမ်းအားတိုးတက်စေတာ၊ ဝန်ထမ်းအလုပ်ထွက်တာတွေ လျှော့ချနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ အခုဆိုရင် လုပ်ငန်းနယ်ပယ်အသီးသီးနဲ့ လူမှုဆက်ဆံရေး နယ်ပယ်တွေဟာ ပိုပြီးရှုပ်ထွေး ကျယ်ပြန့်နေပါတယ်။ ကိုယ်ကျင်လည်ရတဲ့နယ်ပယ် ကျယ်ပြန့်လေ မတူကွဲပြားတာတွေအပေါ် အပြု သဘောတုံ့ပြန်နိုင်တဲ့ အရည်အသွေး ပိုလိုအပ်လေပါပဲ။ ဒါဟာ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်လိုအခြေအနေမျိုး မှာဖြစ်ဖြစ် လိုအပ်ချက်တစ်ခု ဖြစ်နေပါပြီ။
ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားခြင်းဖြစ်
အပြန်အလှန် လေးစားတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာစကားမှာ ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရို သေဆိုပြီး ပြောလေ့ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားဖို့ပါပဲ။ သူတစ်ပါးကို လေးစားတန်ဖိုးထားလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားတာလည်း ဖြစ်ပါတယ်။ ကိုယ်ကသူတစ်ပါးကို လေးစားတန်ဖိုး ထားလိုက်တဲ့အခါ တစ်ဖက်သားကို မြှင့်တင်ပေးရာရောက်သလို ကိုယ်ကိုယ် တိုင်ရဲ့တန်ဖိုးကိုလည်း မြှင့်တင်ရာရောက်ပါတယ်။
မန်လည်ဆရာတော်ကြီး ရေးသားခဲ့တဲ့ မဃဒေဝလမ်းညွှန်နီတိမှာ “သူ့ကို ချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဖောက်အလို၊ ဝန်မတိုနှင့်၊ သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏” လို့ ညွှန်ပြထားပါတယ်။ အများအားဖြင့် လူရဲ့သဘောက ကိုယ်ကသာယူချင်ကြပြီး ပေးဖို့တော့ ဝန်လေးတတ်ကြပါတယ်။ ပေးတယ်ဆိုရာမှာ ပစ္စည်းဥစ္စာ၊ ငွေကြေးတွေမဆိုနဲ့ လေးစားတန်ဖိုးထားပေးဖို့တောင် ဝန်လေးတတ် ကြပါတယ်။ အခြားသူတွေအပေါ် လေးစားတန်ဖိုးထားတာတွေ အားနည်းလာတာဟာ လုပ်ငန်းခွင်နဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးတွေကို ထိခိုက်စေရုံသာမကပါဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားတာကိုလည်း ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မလေးစားတတ်သူဟာ သူတစ်ပါးကိုလည်း လေးစားဖို့ခက်ပါတယ်။
အရည်အသွေးမြှင့်တင်
မတူကွဲပြားတာတွေကို လေးစားတန်ဖိုးထားဖို့အတွက် ဦးဆုံးကိုယ့်အကြောင်း ကိုယ်သိဖို့ ကြိုးစားရပါလိမ့်မယ်။ ကိုယ့်အကြောင်းသိရမယ့် အရာတွေထဲမှာ ကိုယ်ရဲ့အစွဲ၊ အမြင်၊ ယုံကြည်ချက်၊ ယူဆချက်၊ ဘက်လိုက်မှု၊ ကြိုတင်ဆုံးဖြတ်ထားမှုနဲ့ အကျိုးစီးပွားတွေ ပါပါတယ်။ ကိုယ့်မှာရှိနေတဲ့ အဲဒီအခြေ အနေမှန်တွေကိုသိပြီး လက်ခံထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ တွေက အခြားသူတွေရဲ့ မတူကွဲပြားမှုကို နားလည်ပေးရာမှာ ကန့်သတ်ချက်ဖြစ်နိုင်လို့ပါပဲ။ ကိုယ်ကိုယ်တိုင်က ကိုယ့်အကြောင်းကိုမသိဘဲနဲ့ အခြားသူတွေအပေါ် နားလည်လက်ခံပေးဖို့ဆိုတာ မလွယ်ပါဘူး။
ကိုယ့်အကြောင်းသိဖို့အပြင် အခြားသူတွေမှာရှိတဲ့ မတူကွဲပြားတာတွေကိုလည်း သိဖို့လိုပါမယ်။ အခြားသူတွေမှာ ရှိနေတဲ့ မတူကွဲပြားတာတွေကို သေချာသိမှ ဘာကို လေးစားတန်ဖိုးထားရမယ် ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။ နောက်တစ်ခုကတော့ မတူကွဲပြားတာနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အမြင်တွေကို ကျယ်ပြန့်စေဖို့ပဲ ဖြစ်ပါတယ်။ မတူကွဲပြားတာတွေကို ပိုပြီးသိရှိနားလည်မှ ကိုယ့်ရဲ့အရည်အသွေးတွေ ပိုမြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
စိတ်ရင်းအခြေခံ
မတူကွဲပြားမှုတွေကို လေးစားတန်ဖိုးထားခြင်းဟာ ကိုယ်ရည်ကိုယ်သွေး တစ်ခုဖြစ်လို့ ပြုစုပျိုးထောင်လို့ရပါတယ်။ သူတစ်ပါးအပေါ် လေးစားတန်ဖိုးထားတတ်ဖို့ လေ့ကျင့်ယူလို့ ရတာမှန်ပေမယ့် စစ်မှန်တဲ့ လေးစားတန်ဖိုးထားမှုဖြစ်ဖို့ကတော့ ကိုယ့်ရဲ့စိတ်ရင်းအပေါ် အခြေခံမှာပါ။ ပြင်သစ်စာရေးဆရာ Jean Anouilh ကတော့ သင်ကသာ အရာရာတိုင်းကို ချစ်နေမယ်ဆိုရင် အရာရာတိုင်းဟာ လှပနေမှာပါလို့ ဆိုပါတယ်။ ချစ်တတ်တဲ့စိတ်ကသာ အရာရာကို လှပစေတဲ့သဘောပါပဲ။ ကိုယ်တိုင်က မေတ္တာ အရင်းခံစိတ်နဲ့ အခြားသူတွေရဲ့ မတူကွဲပြားတဲ့ အားသာချက်၊ အရည်အချင်း၊ စိတ်ဝင်စားမှုနဲ့ အမြင်တွေကို နားလည်လေးစားတန်ဖိုးထားမယ်ဆိုရင် ပိုမို ကောင်းမွန်တဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ။