သိပ္ပံစာရေးဆရာကိုကိုအောင်
လေဆင်နှာမောင်းဟူသည်မှာ
လေဆင်နှာမောင်းဟူသည်မှာ အလွန်အားကောင်းသော မိုးတိမ်တောင်များ ဖြစ်ပေါ်နေချိန်တွင် မိုးတိမ်တောင်၏ အောက်ခြေပိုင်းမှအစပြု၍ ဆင်၏နှာမောင်းပုံသဏ္ဌာန်ဖြင့် ပြင်းထန်စွာတိုက်ခတ်သော လေဝဲအကြီးအစားပင် ဖြစ်သည်။ လေဆင်နှာမောင်း၏အင်အား အလွန်ကောင်းနေသည့်အခါ တစ်နာရီလျှင် မိုင် ၃၀ဝ ကျော်အထိပင် တိုက်ခတ်လေ့ရှိသည်။ ကမ္ဘာအရပ်ရပ်တွင် တိုက်ခတ်ခဲ့ဖူးသော လေဆင်နှာမောင်းများ၏ သဘောသဘာဝကို လေ့လာကြည့်သည့်အခါ လေဆင်နှာမောင်း တိုက်ခတ်ချိန်သည် အနည်းဆုံး မိနစ် ၃၀ မှ အများဆုံး ခြောက်နာရီအထိ ကြာမြင့်နိုင်ကြောင်း တွေ့ရှိရသည်။
လေဆင်နှာမောင်းသည် မုန်တိုင်းအမျိုးအစားတစ်ခုပင် ဖြစ်သော်လည်း ရိုးရိုးလေပြင်းမုန်တိုင်းကဲ့သို့ လူသိမများလှပေ။ ကမ္ဘာအရပ်ရပ်တွင် မုန်တိုင်းတိုက်ခတ်မှု အကြိမ်ရေ အများအပြားရှိခဲ့သဖြင့် ကမ္ဘာ့ပြည်သူအများစုတို့အနေဖြင့် ဘဝသက်တမ်း တစ်လျှောက်တွင် မုန်တိုင်းကို တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံတွေ့ကြရလေ့ရှိသည်။ လေပြင်းမုန်တိုင်းနှင့် ထိပ်တိုက်မဟုတ်သည့်တိုင် မုန်တိုင်းအဖျားခတ်ခြင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရက်ကာလ ရှည်ကြာစွာ မိုးရွာသွန်းခြင်းများကို အနည်းနှင့်အများ ကြုံတွေ့ ဖူးကြသည်။
တွေ့ရခဲသော လေဆင်နှာမောင်း
သို့ရာတွင် လေဆင်နှာမောင်းဆိုသည်ကိုမူ ဘဝသက်တမ်း တစ်လျှောက်တွင် ကြားဖူးရုံမျှသာရှိပြီး တကယ့် ထိပ်တိုက် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ဖူးခြင်းမရှိသူမှာ သန်းပေါင်းများစွာ ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် လေပြင်းမုန်တိုင်း များသည် ကမ်းလွန်ပင်လယ်ပြင်နှင့် ပင်လယ်အော်များ၌ ဖြစ်ပေါ်လေ့ရှိသော လေဖိအားနည်းရပ်ဝန်းကို အကြောင်းပြု၍ ထိုပင်လယ်၏ ရေပြင်အပူချိန် မြင့်တက်နေခြင်း၊ ပင်လယ်ရေ အချဉ်ပေါက်နှုန်း မြင့်မားနေခြင်းတို့နှင့် တိုက်ဆိုင်သည့်အခါ အင်အားကောင်းသော မုန်တိုင်းအဖြစ်သို့ အသွင်ပြောင်းသွား လေ့ရှိကြပြီး လေဆင်နှာမောင်းကမူ ဖြစ်တည်လာနိုင်ခြေ အခွင့်အလမ်း နည်းပါးသည့်အပြင် အကယ်၍ တိုက်ခတ်လျှင်လည်း လေဆင်နှာမောင်း အများစုတို့၏ တိုက်ခတ်ချိန်မှာ အလွန်တိုတောင်းပြီး ရွေ့လျားတိုက်ခတ်ရာ ပင်မလမ်းကြောင်းမှလွဲ၍ ကျန်နီးကပ်သော ပတ်ဝန်းကျင်၌ သက်ရောက်မှုမရှိ သလောက် နည်းပါးခြင်းကြောင့်ပင် ဖြစ်သည်။
သာဓကအားဖြင့် ၁၉၈၀ ပြည့်နှစ်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း မိနစ်အနည်းငယ်မျှသာ တိုက်ခတ်သွားခဲ့သော လေဆင်နှာမောင်းကြောင့် မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေး စက်ရုံ(ကြို့ကုန်း)၌ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် မွေးမြူ ထားသည့် မြွေကောင်ရေများစွာတို့မှာ ၎င်းတို့ကိုထည့်သွင်း ထားသည့် သံပခြုပ်များနှင့်အတူ လေထဲသို့ လွင့်ပါပျောက်ဆုံး သွားခြင်း၊ ခေါင်မိုးကျောက်ပြား သွပ်ပြားများနှင့် လေအေး စက်များ လေထဲသို့ လွင့်ပါသွားခြင်း၊ ရန်ကုန်စက်မှုတက္ကသိုလ် ဝင်းအတွင်းရှိ သစ်ပင်အချို့ အပင်ရင်းမှ ပြတ်ထွက်ကာ လေထဲ လွင့်ပါသွားခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ကြရသည်။
သို့ရာတွင် အင်းစိန်မြို့နယ်အတွင်း၌ ထိုကဲ့သို့ လေဆင် နှာမောင်း တိုက်ခတ်သွားသည်ကို ကျန်မြို့နယ်များရှိ ပြည်သူ လူထုတို့က လုံးဝ မသိရှိလိုက်ကြပေ။ ရန်ကုန်မြို့ တစ်မြို့ထဲ၌ပင် လေဆင်နှာမောင်းတိုက်ခတ်မှုကို ခံစားရသောမြို့နယ်နှင့် လုံးဝ မသိရှိလိုက်သော မြို့နယ်များဟူ၍ ရှိနေခဲ့ခြင်းသည် လေဆင်နှာမောင်း၏ သဘောသဘာဝနှင့် သရုပ်သကန်ပင် ဖြစ်သည်။
လေဆင်နှာမောင်း သုတေသန
ကမ္ဘာပေါ်၌ လေဆင်နှာမောင်းတိုက်ခတ်မှု အကြိမ်ရေ အများဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းရှိ ပြည်နယ်များကို ဖြတ်သန်း၍ ပြင်းအားအမျိုးမျိုး၊ လေတိုက်နှုန်းအမျိုးမျိုးတို့ဖြင့် တိုက်ခတ်သွားသော လေဆင်နှာမောင်း အရေအတွက်မှာ ထောင်နှင့်ချီ၍ပင် ရှိခဲ့သည်။ ထို့ကြောင့်ပင် လေဆင်နှာမောင်း ၏ဒဏ်ကို အကြိမ်ကြိမ်ခံနေရသော အမေရိကန် ပြည်ထောင်စု ၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ကာလကတည်းကပင် လေဆင်နှာမောင်း ဖွဲ့စည်းဖြစ်ပေါ်လာပုံ၊ ပြင်းအားပမာဏနှင့် တိုက်ခတ်ရွေ့လျားပုံ စသည်တို့ကို နက်နက်နဲနဲ လေ့လာ သုတေသန ပြုခဲ့ကြသည်။
ဖူဂျီတာစကေး
သယ်ယူရွှေ့ပြောင်းနိုင်သော မိုးလေဝသဆိုင်ရာ ခေတ်မီ စက်ကိရိယာများဖြင့် လေဆင်နှာမောင်းကို ထိပ်တိုက်ရင်ဆိုင် ကာ လေ့လာသုတေသနပြုခဲ့ကြရာ၌ ပညာရှင်အချို့ အသက် ဆုံးရှုံးခဲ့ရခြင်းအပါအဝင် အခက်အခဲများစွာကို ဖြတ်သန်းခဲ့ ကြပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသည့် လေဆင် နှာမောင်း၏ အတွင်းသန္တာန်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုမှဆက်စပ်၍ လေဆင်နှာမောင်းများ၏ လေတိုက်နှုန်းနှင့် ပြင်းအားပမာဏ အတိုင်းအတာကို ချီကာဂိုတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဖူဂျီတာက တိုင်းတာတွက်ချက် ဖော်ထုတ် အသိပေးနိုင်ခဲ့ပြီး ထိုစကေးကို ဖူဂျီတာစကေး(Fujita Scale) ဟု ခေါ်တွင်ခဲ့သည်။
ဖူဂျီတာစကေး အနိမ့်ဆုံးကို F0 ဖြင့်သတ်မှတ်ပြီး အမြင့် ဆုံးကိုမူ F5ဖြင့်သတ်မှတ်သည်။ F0 အဆင့်သည့် လေတိုက် နှုန်း တစ်နာရီလျှင် မိုင် ၄၀ မှ ၇၂ မိုင်အတွင်းရှိပြီး ထိုအဆင့်တွင် သစ်ကိုင်းများကျိုးပဲ့ကာ အမြစ်တိမ်သောအပင်များ ပြိုလဲသွားနိုင်သည်။
F1အဆင့်သည် လေတိုက်နှုန်း တစ်နာရီလျှင် ၇၃ မိုင်မှ ၁၁၂ မိုင်အတွင်းရှိပြီး ထိုအဆင့်တွင် ကျောက်စရစ်မြေထဲ၌ အမြစ်စွဲနေသောသစ်ပင်များ ပြိုလဲနိုင်သလို အဆောက်အအုံ၏ အုတ်မြစ်ကြံ့ခိုင်မှု အားနည်းလျှင် ပြိုပျက်သွားနိုင်သည်။
F2 အဆင့်သည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၃ မိုင်မှ ၁၅၇ မိုင်အတွင်းရှိကာ ထိုအဆင့်တွင် နေအိမ်အဆောက်အအုံ အမိုးများ ပြုတ်ထွက်လွင့်ပျံသွားနိုင်ပြီး ကြံ့ခိုင်မှု အသင့်အတင့် ရှိသော အဆောက်အအုံများပင် ပြိုကျပျက်စီးသွားနိုင်သည်။ အသင့်အတင့်လေးလံသော ဝတ္ထုပစ္စည်းများလည်း လေထဲမှ တစ်ဆင့် ဝေးရာသို့ ပျံဝဲရောက်ရှိသွားနိုင်သည်။
F3 အဆင့်ကမူ လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၈ မိုင်မှ ၂၀၆ မိုင်အတွင်းရှိပြီး သစ်ပင်အများအပြားကို အမြစ်မှ ကျွတ်ထွက်လွင့်ပါစေခြင်း၊ နေအိမ်အဆောက်အအုံများကို အလုံးစုံ ပျက်စီးပြိုလဲစေခြင်းနှင့် မော်တော်ကားများ လေထဲ သို့ လွင့်ပါစေခြင်းများအထိ ဖြစ်ပေါ်နိုင်သည်။
ဖူဂျီတာစကေးF4 အဆင့်သည် လေတိုက်နှုန်း တစ်နာရီ လျှင် ၂၀၇ မိုင်မှ မိုင် ၂၆၀ အတွင်းရှိပြီး နေအိမ်များနှင့် ကား များကို ဒုံးကျည်ပစ်လွှတ်လိုက်သည့်အလား အလွန်ဝေးရာ ဆီသို့ ဆွဲငင်ယူဆောင် ပစ်ထုတ်နိုင်စွမ်းရှိပြီး လွင့်စဉ်ရောက်ရှိ လာသော ဧရာမ ဝတ္ထုအစိုင်အခဲကြီးများကြောင့် လူအများ အပြားတို့ ထိမှန်ခံရကာ အသက်ဆုံးရှုံးသွားနိုင်သည်။
ဖူဂျီတာစကေး အမြင့်ဆုံးဖြစ်သော F၅ အဆင့်ကမူ လေ တိုက်နှုန်း တစ်နာရီလျှင် ၂၆၁ မိုင်မှ ၃၁၈ မိုင်အထိရှိကာ သံမဏိဖြင့်တည်ဆောက်ထားသော အဆောက်အအုံများပင် မြင်မကောင်းလောက်အောင် ပျက်စီးသွားနိုင်သည်။ သာမန် နေအိမ်အဆောက်အအုံတို့မှာမူ လေးခွဖြင့်ပစ်လွှတ်လိုက် သည့် လောက်စာလုံးများပမာ ဝေးရာသို့ အလုံးလိုက် လွင့်စဉ် မျောပါ ရောက်ရှိသွားနိုင်သည်။
လေဆင်နှာမောင်း လေ့လာရေးစီမံကိန်း
လေဆင်နှာမောင်း၏ ဖြစ်တည်လာပုံ သဘောသဘာဝကို သိရှိနားလည်လာသည်နှင့်အမျှ ဘေးအန္တရာယ်ကျရောက် မည့် နေရာဒေသများကို ခေတ်မီနည်းပညာများအသုံးချကာ မိနစ်အနည်းငယ်မျှ ကြိုတင်သတိပေးလာနိုင်သည်။ သာဓက တစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်တွင် ၂၀ဝ၇ ခုနှစ် မေလအတွင်းက လေဆင်နှာမောင်း မတိုက်ခတ်မီ ၁၃ မိနစ်မျှ ကြိုတင်သတိပေးနိုင်ခဲ့သဖြင့် ပျက်စီးမှုများရှိခဲ့သည့်တိုင် လူ့အသက်သေဆုံးရမှုကို များစွာ လျှော့ချပေးနိုင်ခဲ့သည်။
နိုင်ငံတကာမှ သိပ္ပံပညာရှင်ဦးရေ ၁၀ဝ ကျော်ပါဝင်သော သုတေသနမစ်ရှင်တစ်ခုသည် ကမ္ဘာ့သမိုင်းတွင် အကျယ်ပြန့် ဆုံးသော လေဆင်နှာမောင်းလေ့လာရေးစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘာ့ပေါ်၌ လေဆင်နှာမောင်း ဖြစ်ပေါ်တိုက်ခတ်မှု အများဆုံးနေရာများဖြစ်သော မစ္စစ္စပီမြစ် အနောက်ဘက်ရှိ မဟာလွင်ပြင်ဒေသနှင့် ရော့ကီး တောင်တန်းအရှေ့ဘက်ရှိ မြက်ခင်းလွင်ပြင်ဒေသ၌ သုတေသနဆိုင်ရာ အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းကိရိယာများကို ဖြန့်ကြက်ချထားခဲ့ကြသည်။
Vortex-2 ဟု အမည်ပေးထားသော အဆိုပါစီမံကိန်းတွင် သယ်ယူရွှေ့ပြောင်းနိုင်သော ရေဒါ ၁၀ ခုကို အသုံးပြုခဲ့ပြီး တိုက်ခတ်နေသော လေဆင်နှာမောင်းအနီးသို့ ချဉ်းကပ်ပျံဝဲ လေ့လာမှတ်တမ်းတင်မည့် မောင်းသူမဲ့ စက်ရုပ်လေယာဉ် ၁၂ စင်းကိုပါ အသုံးချခဲ့ကြသည်။
စီမံကိန်း၏ အကျိုးရလဒ်တစ်ခုအဖြစ် လေစီးကြောင်းနှင့် အပူချိန်တို့ သဟဇာတမဖြစ်ဘဲ ဆန့်ကျင်ဘက် အခြေအနေ တစ်ရပ်သို့ ရုတ်ခြည်းကူးပြောင်းသွားပါက မိနစ်ပိုင်းအတွင်းမှာပင် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာကြောင်း ဖော် ထုတ်တွေ့ရှိခဲ့သည်။ စတုရန်းမိုင် ၉၀ဝ ကျော်မျှ ကျယ်ဝန်းသည့် ဒေသအတွင်း၌ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသောVortex-2 စီမံကိန်းသည် လေဆင်နှာမောင်း ကြိုတင်သတိပေးနှိုးဆော်ရေးနှင့် လူ့အသက်ကယ်တင် ရေးဆိုင်ရာ အထောက်အကူပြုမည့် ရလဒ်အများအပြားကို ရရှိလာမည်ဟု မျှော်လင့်ရသည်။
စိုက်ဆင်းလေပြင်း
လေဆင်နှာမောင်းများလောက် အင်အားမပြင်းထန်သော်လည်း မိုးတိမ်တောင်များကိုပင် အခြေပြုကာ ဖြစ်ပေါ်လာ သည့် စိုက်ဆင်းလေပြင်းများသည်လည်း ကြောက်မက်ဖွယ် ကောင်းသော သဘာဝဘေးအန္တရာယ်တစ်မျိုးပင်ဖြစ်သည်။ စိုက်ဆင်းလေပြင်းများသည် လေကြောင်းပျံသန်းမှုများနှင့် ရေကြောင်းသွားလာမှုများအတွက် အထူးပင် သတိပြုကြရမည့် အန္တရာယ်ဖြစ်သည်။
စိုက်ဆင်းလေပြင်းများသည် အဓိကအားဖြင့် အားကောင်း သောမိုးတိမ်တောင်များ ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် လေဖိအား ရုတ်တရက် မြင့်တက်ခြင်းများကို ဖြစ်ပေါ်လာစေသည်။ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀ဝ ကျော်အထိ တိုက်ခတ်နိုင်သော စိုက်ဆင်းလေပြင်းများသည် လေဆင်နှာမောင်းနှင့်မတူ ကွဲပြားသော တိုက်ခတ်မှုပုံစံမျိုး ရှိနေသည်။
စိုက်ဆင်းလေပြင်းနှင့် လေဆင်နှာမောင်း
လေဆင်နှာမောင်းများ တိုက်ခတ်နေချိန်တွင် လေဖိအား အလွန်အမင်းကျဆင်းကာ လေဖိအားခြားနားမှုကြောင့် ကြီးမားသော အဆောက်အအုံများသည်ပင် အလွန်ဝေးကွာသော အရပ်ဆီသို့ လွင့်စဉ်မျောပါသွားနိုင်သည်။ စိုက်ဆင်းလေပြင်း တိုက်ခတ်နေချိန်၌မူ လေဖိအား ရုတ်ခြည်းမြင့်တက်မှုကြောင့် အဆောက်အအုံအချို့ကို လဲပြိုသွားစေနိုင်သည်။
လေဆင်နှာမောင်းဖြစ်ပေါ်ချိန်တွင် လေသည် လက်ဝဲရစ် တိုက်ခတ်ပြီး အထက်သို့ ရစ်ခွေတိုက်ခတ်ခြင်းကြောင့် သဲနှင့် ဖုန်မှုန့်များ၊ သစ်ကိုင်းသစ်ခက်များ၊ အကျိုးအပဲ့ အပိုင်းအစ များကပါ လိုက်၍ မျောပါရွေ့လျားနေတတ်ခြင်းကြောင့် လေဆင်နှာမောင်းများ တိုက်ခတ်နေသည်ကို အဝေးကပင် ထင်ရှားစွာ မြင်နိုင်သည်။ စိုက်ဆင်းလေပြင်းကမူ လေပြင်း တိုက်နေခြင်းကိုသာ ခံစားသိရှိနိုင်ပြီး လေတိုက်နေသည့် ပုံသဏ္ဌာန်ကို မမြင်တွေ့နိုင်ပေ။
လေဆင်နှာမောင်းသည် တိုက်ခတ်ချိန်အားဖြင့် မိနစ် ၃၀ မှ ခြောက်နာရီအထိပင် ရှိနိုင်သော်လည်း စိုက်ဆင်းလေပြင်း မှာမူ တိုက်ခတ်ချိန် အလွန်တိုတောင်းပြီး မိနစ်အနည်းငယ်သာ ကြာမြင့်သည်။ လေဆင်နှာမောင်းများ တိုက်ခတ်ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် လေဆင်နှာမောင်းသည် တည့်တည့်ရွေ့လျားခြင်း၊ ဝဲဘက်သို့ ကွေ့ခြင်း၊ ယာဘက်သို့ ကွေ့ခြင်း၊ ကွေ့ဝိုက်ကာ နောက်ပြန်ရွေ့လျားခြင်း စသည်ဖြင့် ဦးတည်ရာဘက် အမျိုးမျိုးရှိသည့်အတွက် လေဆင်နှာမောင်း တိုက်ခတ်ပြီးချိန်တွင် ပျက်စီးသွားသော နေအိမ်အဆောက် အအုံများနှင့် ဝတ္ထုပစ္စည်းကြီးငယ်တို့သည် အရပ်မျက်နှာ အမျိုးမျိုးသို့ ဦးတည်ကာ လဲပြိုနေသည်ကို မြင်တွေ့ကြရသည်။
စိုက်ဆင်းလေပြင်းကမူ တိုက်ခတ်ရွေ့လျားရာ လမ်းကြောင်း ဖြောင့်ပြီး အရပ်မျက်နှာတစ်ဖက်တည်းသို့သာ တိုက်ခတ် သည့်အတွက် ပျက်စီးသွားသော အဆောက်အအုံနှင့် ဝတ္ထုပစ္စည်းကြီးငယ်တို့မှာ အရပ်မျက်နှာ တစ်ဖက်တည်းသို့သာ ဦးတည်လဲကျနေသည်ကို တွေ့မြင်ကြရသည်။ စိုက်ဆင်း လေပြင်း၏ ထူးခြားချက်တစ်ရပ်မှာ စတင်တိုက်ခတ်ရာနေရာ၌ သက်ရောက်မှုဧရိယာ ကျဉ်းမြောင်းပြီး တဖြည်းဖြည်း အားပျော့လာသည့်အခါ၌မူ သက်ရောက်မှုဧရိယာ ပို၍ကျယ်ပြန့် လာခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ယပ်တောင်ဖြန့် သကဲ့သို့ တိုက်ခတ်ခြင်းဖြစ်ပြီး ထိုသို့သော သဘောသဘာဝ ကြောင့်ပင် စိုက်ဆင်းလေပြင်းတိုက်ခတ်ရာ လမ်းကြောင်းတွင် ပျက်စီးသွားသော ဝတ္ထုပစ္စည်း အစုအပုံများမှာ တဖြည်းဖြည်း ပို၍ပြန့်ကားသွားသည်ကို တွေ့မြင်ကြရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လေဆင်နှာမောင်းနှင့် စိုက်ဆင်း လေပြင်းများကို ဖြစ်ပေါ်လာစေနိုင်သည့် မိုးတိမ်တောင်ကြီး များကို မိမိတို့နေထိုင်ရာဒေသ၏ ကောင်းကင်ယံ၌ မြင်တွေ့ ကြရသည်ဆိုပါက သတိရှိရန်လိုအပ်သည်။ လေဆင်နှာမောင်း တစ်ကြိမ်နှစ်ကြိမ် တိုက်ခတ်ဖူးသောဒေသဖြစ်ပါက အထူးပင် သတိရှိသင့်သည်။ လေဆင်နှာမောင်း၏အန္တရာယ်မှ ကာကွယ် ရန်အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ မြေပေါ် အဆောက်အအုံနှင့် တွဲစပ်ခြင်းမရှိဘဲ သီးသန့် တည်ဆောက် ထားသည့် ခိုင်ခန့်တောင့်တင်းသော မြေအောက်ခန်းအတွင်း နေထိုင်ခြင်းပင် ဖြစ်သည်။
မျက်မှောက်ခေတ်၏ ဆောက်လုပ်ရေး နည်းပညာများထဲ တွင် မြေအောက်သို့ ပိုင်တိုင်များ နက်ရှိုင်းစွာရိုက်သွင်းသည့် နည်းဖြင့် စံချိန်မီစွာ တည်ဆောက်ထားသော အဆောက်အအုံ များသည် လေဆင်နှာမောင်း၏ဒဏ်ကို အတိုင်းအတာတစ်ရပ် အထိ ခံနိုင်ရည်ရှိသည်။ အဆောက်အအုံ၏ ပြတင်းတံခါးများ၊ ဝရန်တာလက်ရန်းများက လေဆင်နှာမောင်း၏ လေဝဲဂယက် အတွင်း လွင့်စဉ်မျောပါသွားနိုင်သည့်တိုင် ပင်မအဆောက် အအုံကြီးအဖို့ မြေမှ ကျွတ်ထွက်လွင့်ပါနိုင်ရန် အခွင့်အလမ်း အလွန်နည်းသောကြောင့်ပင် ဖြစ်သည်။
စိုက်ဆင်းလေပြင်း၏ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်မူ အဆောက်အအုံများကို ခိုင်ခံ့တောင့်တင်းအောင် စနစ်တကျ ဆောက်လုပ်ထားခြင်း၊ ခေါင်မိုးရှိ ဒိုင်း၊ မြားနှင့် အမိုးပြားများကို ကြံ့ခိုင်တောင့်တင်းအောင် တွဲဆက်တပ်ဆင် ထားခြင်း၊ ခိုင်ခံ့တောင့်တင်းသော တံခါးကျည်းပေါင်များနှင့် တံခါးရွက်များကို အသုံးပြု တပ်ဆင်ထားခြင်း စသည်တို့ပင် ဖြစ်ပေသည်။ ။
မြန်မာ့အလင်း