သထုံ ၈ မတ်
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်မှ လပြည့်ကျော် ၁ ရက် (မတ် ၁ ရက်မှ ၉ ရက်) အထိ ကိုးရက်ကြာ စည်ကားစွာဖြင့် အစဉ်အလာမပြတ် ကျင်းပလျက်ရှိကြောင်း သိရသည်။
တပေါင်းလပြည့်နေ့တွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပြီး စေတီတော်ရင်ပြင်၌ မြတ်စွာဘုရားအမှူးထား၍ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လောင်းလှူကာ ညအချိန်၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်သွားမည်ဖြစ်သည်။
“ဂေါပကအဆက်ဆက်က ထိန်းသိမ်းပြီး နှစ်စဉ်ကျင်းပလာတာ နှစ်ပေါင်းရာကျော်ပြီ။ ဒီဘုရားပွဲရဲ့ ထူခြားချက်က ရုပ်သေးပွဲ မပါလို့မဖြစ်ဘူး။ အစဉ်အဆက်က ရုပ်သေးမပါလို့ ပွဲတော်မှာ ထိခိုက်မှုတွေဖြစ်ခဲ့တဲ့ သာဓကတွေလည်းရှိခဲ့တယ်။ ဒီနယ်တကြောမှာ ရုပ်သေးကလည်း ဒီဘုရားပွဲမှာပဲ တွေ့ရတယ်” ဟု စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။
ရွှေစာရံစေတီတော်မြတ်ကြီးကို မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ် မဟာသက္ကရာဇ် (၁၁၁) ခုနှစ်က သထုံပြည်သို့ ဒေသစာရီကြွချီခိုက်၌ သထုံဘုရင် သူရိယစန္ဒာမင်းကြီးက ယင်းနှစ် တပေါင်းလပြည့်နေ့တွင် တည်ထားခဲ့ပြီး ကကုသံ မြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူ၊ ကောဏဂုံ မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကဿပ မြတ်စွာဘုရား၏ မြသပိတ်တော်နှင့် ဂေါတမမြတ်စွာ ဘုရား၏ သွားတော်လေးဆူတို့ဖြင့် လေးဆူကုန်သောဘုရားရှင်တို့၏ ဓာတ်တော်မွေတော်များကို ဌာပနာထားသောကြောင့် လေးဆူဓာတ်စံ ရွှေစာရံစေတီဟု အနယ်နယ်အရပ်ရပ်၌ ထင်ရှားကျော်ကြားသည့် စေတီတော်မြတ်ကြီးဖြစ်ကာ လက်ရှိအချိန်တွင် ဉာဏ်တော်ပေ ၃၆ဝ ရှိ၍ အရံစေတီ ပေါင်း ၃၇ ဆူ၊ မုခ်နှင့် ရုပ်ပွားတော်ပေါင်း အစုစု ၄၅ ဆူရှိကြောင်း ဂေါပကအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
ဘုရားပွဲတော်ကျင်းပသည့် ကာလအတွင်း မြန်မာ့ရိုးရာရုပ်သေးအမြင့်သဘင်၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇာတ်သဘင်၊ ပျော်ရွှင်ဖွယ်ရာ ကလေးကစားစရာများ၊ ပွဲဈေးဆိုင်တန်းများဖြင့် စည်ကားစွာ ကျင်းပရာ ဘုရာဖူးလာသူ၊ ပွဲတော်သို့ လာရောက်သူတို့ဖြင့် အထူးစည်ကားကြောင်း သိရသည်။
သက်ဦး(သထုံ)