လှေကားထစ်လယ် (၂၄) ဧကအား တပ်၏ လျာထားအဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်းမရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးသွားမည်

နေပြည်တော် ၂၀ ဩဂုတ်

လှေကားထစ်လယ် (၂၄) ဧကသည် တပ်၏ လျာထားအဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်း မရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ “နယ်ခြားစောင့်တပ် (၁၀ဝ၁) မှ သိမ်းယူထားသော လှေကားထစ်လယ် (၂၄) ဧကအတွက် နစ်နာကြေးငွေပေးရန် စီစဉ်ထားမှု ရှိ၊ မရှိနှင့် သိမ်းဆည်းထားပြီးသော ဧရိယာထဲမှ အသုံးမပြုသည့်မြေများ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “အမှတ်(၁၀ဝ၁) နယ်ခြားစောင့်တပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ဂန့်ဂွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(OSS-ဂန့်ဂွင်း)၊ ဦးပိုင်အမှတ်(၁)ရှိ မြေလွတ်၊ မြေရိုင်း ၉၇၀ ဧကအား မြေနှင့်အခွန်ဆင့်ဆိုချက် ၃၃၃ အရ တပ်ပိုင်မြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်စွဲပါ စာအမှတ်၊ ၃၀ဝ/၁-၅/ဦး ၁ ဖြင့် အခမဲ့ လွှဲပြောင်းလက်ခံရရှိခဲ့ပါကြောင်း၊ တပ်မြေသိမ်းဆည်းရာတွင် ပါဝင်ခဲ့သည့် လယ်ယာမြေများအား ဒေသန္တရပေါက်ဈေးဖြင့် ပေးလျော်နိုင်ရေးအတွက် အသေးစိတ်တွက်ချက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လယ်မြေ ၅၄.၇၀ ဧကနှင့် နှစ်ရှည် ၁.၅၀ ဧက ဖြစ်နေသည့်အတွက် ကွဲလွဲမှုအား သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၊ အမှတ်(၁၀ဝ၁) နယ်ခြားစောင့်တပ်နှင့် ယခင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ဦးဇခုန်ယိန့်ဆောင်တို့နှင့် ညှိနှိုင်းအတည်ပြု ဆောင်ရွက်စေခဲ့ရာ ၎င်းတို့မှ တပ်ပိုင်မြေအတွင်း ပါဝင်ခဲ့သည့် တောင်သူ ၂၂ ဦး၏ လယ်မြေဧရိယာ ၃၀.၇၀ ဧကနှင့် ဥယျာဉ်ခြံမြေ ဧရိယာ ၁.၅၀ ဧက စုစုပေါင်း ၃၂.၂၀ ဧကအတွက် လျော်ကြေးငွေ ၅၉၇၆၀၈၀ဝ ကျပ်အား ပေးလျော်ခဲ့ပြီး ဖြစ်သော်လည်း ချီဖွေမြို့နယ် မြေစာရင်းဦးစီးဌာနမှ မှားယွင်းတိုင်းတာ တွက်ချက်ခဲ့မှုကြောင့် တောင်သူ ၂၁ ဦး၏ လယ်မြေဧရိယာ ၂၄ ဧကအား ထပ်မံပေးချေရန် ကျန်ရှိနေသည်ကို စိစစ်တွေ့ရှိ ရပါကြောင်း။

သို့ဖြစ်ပါ၍ တောင်သူ ၂၂ ဦးအား လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီးဖြစ်သော်လည်း မြို့နယ် မြေစာရင်းဦးစီးဌာန၏ မှားယွင်းတွက်ချက်မှုအရ လျော်ကြေးပေးချေရန် ကျန်ရှိခဲ့သော တောင်သူ ၂၁ ဦး၏ လယ်မြေဧရိယာ ၂၄ ဧကသည် တပ်၏လျာထား အဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်းမရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် သိမ်းဆည်းခြံကာထားပြီး ဧရိယာ၏ပြင်ပ ကျန်လယ်ယာမြေနှင့် ယာများကို ဆက်လက်သိမ်းဆည်းရန် မရှိတော့ပါကြောင်း ဒေသခံတောင်သူများအား အသိပေးရှင်းလင်းသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

အစည်းအဝေးတွင် ပြန်လည်စွန့်လွှတ်မည့် မြေနှင့်ပတ်သက်၍ မည်သည့်အချိန်၊ မည်သည့်ကာလခန့်တွင် တောင်သူများထံ ပြန်လည်စွန့်လွှတ် ပေးသွားနိုင်မည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်း မေးမြန်းရာ “စွန့်လွှတ်ပေးမည့် မြေ ၂၄ ဧကနှင့် ပတ်သက်၍ ဧက ၉၇၀ ဧကတွင် စတင်သိမ်းဆည်းစဉ်ကလည်း တပ်ပိုင်မြေအဖြစ် သိမ်းဆည်းသည့်အတွက် ဆင့်ကဲဆင့်ကဲ လွှဲပြောင်းရပြီး မိမိတို့က နိုင်ငံတော်ကို ပြန်အပ်ရာတွင် ဆင့်ကဲဆင့်ကဲ ပြန်အပ်ပြီးမှသာ နိုင်ငံတော်ကို ပြန်လည်လွှဲပြောင်းမည် ဖြစ်သည့်အတွက် လုပ်ငန်းအစီအစဉ်အရ လုပ်ငန်းများ စတင်လျက်ရှိကြောင်း၊ လွန်ခဲ့သည့် လဆန်းတွင် ပြန်လည်စွန့်လွှတ် လျက်ရှိကြောင်း၊ သက်ဆိုင်ရာ မြေစာရင်းဌာနနှင့် သက်ဆိုင်ရာ မြို့နယ်ကိုလည်း အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူများကို ထပ်မံပြီး မသိမ်းဆည်းတော့ကြောင်းကိုလည်း မိမိမလာခင် မြောက်ပိုင်း စစ်ဌာနချုပ်နှင့် ဆက်သွယ်စုံစမ်းချက်အရ ၁၉.၈.၂၀၁၉ ရက်နေ့တွင် ဒုတိယတပ်မှူးကိုယ်တိုင် သက်ဆိုင်ရာတပ်မှ တောင်သူများ အားလုံးကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MDN
Credit. ပြည်သူ့လွှတ်တော်