၂၂ ဇွန်
အာဂျင်တီးနားနိုင်ငံမှာ နေထိုင်ကြတဲ့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိဘတွေကိုတွေ့ရန် ပေါ်တူဂီနိုင်ငံကနေ ရက်ပေါင်း ၉၀ နီးပါး တစ်ကိုယ်တော် ရွက်လွှင့်လာသူ ဟွမ် မန်နျူရယ် ဘယ်လက်တာရို ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဇာတိမြေကို ရောက်ရှိလာကြောင်း သိရပါတယ်။
တစ်ကိုယ်တော် ရွက်လွှင့်လာသူ ဟွမ် ဟာ မိဘတွေနေထိုင်ရာ မာဒယ်ပလာတာကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိတဲ့အတွက် မိဘများနဲ့ တွေ့ဆုံခွင့်ရပြီဖြစ်ပါတယ်။
အသက် (၄၇)နှစ်အရွယ် ဟွမ်ဟာ ကိုးမီတာရှည်တဲ့ ဆာကုရာ လှေငယ်လေးကို အသုံးပြုပြီး (၈၅)ရက် ကြာတစ်ကိုယ်တော် ရွက်လွှင့်လာကြောင်း သိရပါတယ်။
အသက်(၈၂)နှစ် အရွယ်မိခင်နဲ့ အသက်(၉၀)နှစ် အရွယ် ဖခင်တို့ကိုတွေ့ရန် ရက်ပေါင်း ၉၀ နီးပါး ရွက်လွှင့်လာတာဖြစ်ပြီး၊ မေလ ၁၅ ရက်နေ့က သူ့ဖခင်ရဲ့ အသက် (၉၀) ပြည့်မွေးနေ့ကို အမှီလာခဲ့ပေမယ့် မရောက်ရှိခဲ့ဘဲ ဖခင်များနေ့မှာတော့ ဖခင်နဲ့အတူ နေခွင့်ရကြောင်း သတင်းဌာနတွေကို ပြောပါတယ်။
ဟွမ်ဟာ စပိန်နိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး အာဂျင်တီးနားကို ပြန်မယ့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်တဲ့အတွက် တစ်ကိုယ်တော် ရွက်လွှင့်ပြန်တာဖြစ်ပါတယ်။ သူ့ခရီးစဉ်တလျှောက်မှာ ဗိုင်းရပ်စ်ပိုးအကြာင်းကိုလည်း သိခဲ့ကြောင်း၊ ရက်ပေါင်း ၅၄ ရက်တာ မိသားစုနဲ့ စကားပြောခွင့် မရကြောင်း ပြောပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၁,ဝ၁၁ ဦး သေဆုံးပြီး ၄၂,၇၈၅ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှရိကြောင်းနဲ့ အဲဒီထဲကမှ ၁၂,၇၂၈ ဦးမှာ ပြန်လည်ကျန်းမာလာကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP