ခြူးစန္ဒီနွေး

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုဟာ တောမီးလောင်သလို ပြန့်ပွားနေပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ထိခိုက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရတဲ့အထဲမှာ လေကြောင်းလိုင်းတွေက ရှေ့တန်းကနေ ပါဝင်ပါတယ်။

ဒေဝါလီခံရမယ့်အခြေအနေ
ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် အမေရိကန်လေကြောင်းလိုင်းတွေ ထိခိုက် ခံစားရတာဟာ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုအပြီး အမေရိကန်လေကြောင်းလိုင်း တွေ အထိနာခဲ့ရတာထက်ပိုပြီး ဆိုးရွားပါတယ် လို့ အမေရိကန်အရာရှိတွေက မတ် ၁၇ ရက် မှာ သတိပေးခဲ့ပါတယ်။ အီတလီနိုင်ငံက Alitalia လေကြောင်းလိုင်းဟာလည်း ဒေဝါလီ ခံရမယ့်အခြေအနေရှိနေပြီး ဆွီဒင်နဲ့ဒိန်းမတ် နိုင်ငံတို့တော့ Scandinavian လေကြောင်း လိုင်းကို ပြိုလဲမသွားစေရေး ထောက်ပံ့ပေးတဲ့ အနေနဲ့ ယူရိုသန်း ၂၇၅ သန်းအကူအညီ ပေးခဲ့ ပါတယ်။


အစိုးရဆီက အကူအညီတောင်း

အလားတူပါပဲ အမေရိကန်ပြည်ထောင်စု မှာလည်း လေကြောင်းလိုင်းတွေဟာ အစိုးရ ဆီကနေ အကူအညီ အမေရိကန်ဒေါ်လာ ၅ဝ ဘီလီယံတောင်းဆိုခဲ့ပြီး အမေရိကန်လေကြောင်း လုပ်ငန်းတစ်ခုလုံးကို အကူအညီပေးဖို့ အိမ်ဖြူ တော်က အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အခုဖြစ်ရပ် ဟာ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရတုန်း ကထက် အခြေအနေအများကြီး ပိုဆိုးပါတယ်။ လေယာဉ်တွေဟာ ပြေးဆွဲခြင်း မပြုရတော့ဘဲ မြေပြင်မှာပဲ ရပ်နားထားရပါတယ်လို့ အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မန်နျူချင်က ပြောပါတယ်။ အသော လေကြောင်းလိုင်း တွေဆိုရင် သုံးလတာအတွင်းမှာ အရန်ထားတဲ့ ငွေကြေးတွေ ဆုံးရှုံးရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်လို့ လေကြောင်းလိုင်း အရာရှိတွေက ပြောပါတယ်။ ခရီးသည်တင် လေယာဉ် ၁၈၅၀၀၀ ကို မပြေးဆွဲရတော့ဘဲ ရပ်နားထားတဲ့အတွက် လေကြောင်းလုပ်ငန်း မှာ ထိခိုက်မှုတွေရှိလာလိမ့်မယ်လို့ လေကြောင်း လိုင်းတွေက သတိပေးခဲ့ပါတယ်။


ခရီးစဉ်များ ဖျက်သိမ်း

မေလကုန်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လေကြောင်းလိုင်းအများစုဟာ ဒေဝါလီခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဈေးကွက် ထောက်လှမ်းရေးကုမ္ပဏီ CAPA က ပြောပါ တယ်။ တကယ်လို့ အခြေအနေတွေဟာ ဒီထက် ပိုဆိုးလာမယ်ဆိုရင် လေကြောင်းလိုင်းတွေ အားလုံး ပေါင်းစည်းရတော့မယ့်အခြေအနေကို မြင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ အစည်းမှ စီအီးအို အလက်ဇန်းဒရီဒီ ဂျူနစ်ကာ က ပြောပါတယ်။ COVID- 19 ကူးစက်ရောဂါ ကြောင့် အီတလီလေကြောင်းလိုင်းဖြစ်တဲ့ Alitalia မပြိုလဲသွားစေရေး အီတလီအစိုးရက လက်လွှဲယူရမယ့် အခြေအနေတွေလည်း ရှိနေ ပါတယ်။ သန်းနဲ့ချီတဲ့ ခရီးသည်တွေဟာ သူတို့ခရီးထွက်ရမယ့် တိုင်းပြည်တွေက ပိတ်ဆို့ ထားတာ ဒါမှမဟုတ် ဆိုက်ရောက်ပြီးနောက် ၁၄ ရက်သီးသန့်စောင့်ကြည့်မယ့် အခြေအနေ တွေကြောင့် သူတို့ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်း လိုက်ရပါတယ်။


ပြေးဆွဲမှုတွေရပ်နား
ဒါကြောင့် မတ် ၁၇ ရက်ကစပြီး လေယာဉ် ပြေးဆွဲမှုတွေ ပိုမိုရပ်နားလာရပါတယ်။ ဘယ်လ်ဂျီယံအခြေစိုက် Brussels လေကြောင်း လိုင်းဟာလည်း မတ် ၁၇ ရက်စပြီး တစ်လခန့် လေယာဉ်ပြေးဆွဲမှုတွေကို ရပ်နားလိုက်ပါ တယ်။ ဩစတြေးလျမှာတော့ Qantas လေကြောင်းလိုင်းဟာ မတ် ၁၇ ရက်ကစပြီး ပြေးဆွဲမှုတွေကို ၉၀ ရာခိုင်နှုန်း ရပ်နားထား လိုက်ပါတယ်။ ဩစတြေးလျအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေရေးအတွက် ပြည်ပက ဝင်လာမယ့်သူတွေကို ၁၄ ရက်ကြာ သီးခြားထားဖို့ စီစဉ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ကတည်းက ဒေဝါလီခံရမယ့် အခြေအနေနဲ့ မလူးသာ မလွန့်သာဖြစ်နေတဲ့ Alitalia လေကြောင်းလိုင်းကို အီတလီအစိုးရက လက်လွှဲယူသွားမယ့် အခြေအနေရှိပါတယ်။ အီတလီအစိုးရက လက်လွှဲယူခဲ့ရင်တောင် Alitalia လေကြောင်းလိုင်းက ဝန်ထမ်းပေါင်း ၄၀၀ဝ ခန့်ဟာ အလုပ်ကနေရပ်နားရမယ့် အခြေအနေရှိပါတယ်။


လုံလောက်တဲ့ငွေကြေးမရှိတော့
ရုရှားမှာ ဖေဖော်ဝါရီလကစပြီး တရုတ် နိုင်ငံကို ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေ ပိတ်လိုက်ပြီးတဲ့နောက် လေကြောင်းလိုင်းတွေ အထိနာခဲ့တယ်လို့ ဗဟိုလေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီဥက္ကဋ္ဌ အလက်ဇန်ဒါး နီရစ်ကိုက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာနေရာဖြစ်ပြီး အခုဆိုရင် လေကြောင်းလိုင်းတွေမှာ ဒေဝါလီ ခံရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရကာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်လို့ ၎င်းက ဆက်ပြောပါ တယ်။ အစိုးရကလည်း လေကြောင်းလိုင်းတွေ ကို ဘယ်လိုအကူအညီပေးရမလဲဆိုတာကို ဆွေးနွေးနေပြီလို့ ကရင်မလင် နန်းတော်က ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့က ပြောပါတယ်။ အခုဆိုရင် ကမ္ဘာအနှံ့ကလေ ကြောင်းလိုင်းတွေဟာ လာမယ့်သုံးလတာ အတွင်း လည်ပတ်ဖို့လုံလောက်တဲ့ ငွေကြေး မရှိဘူးလို့ သုတေသီတွေက ပြောပါတယ်။


အစိုးရရဲ့ ထောက်ပံ့မှုလို

တစ်ကမ္ဘာလုံးဆိုင်ရာနဲ့ ကြည့်မယ်ဆိုရင် မတ်လအစောပိုင်းခန့်မှန်းမှုအရ အမေရိကန် ဒေါ်လာ ၁၁၃ ဘီလီယံ ထိခိုက်လိမ့်မယ်လို့ စီးပွားရေးပညာရှင် ဘရိုင်ယန်ပီယာစီက ပြော ပါတယ်။ လေကြောင်းလိုင်းတွေရဲ့ ၇၅ ရာခိုင် နှုန်းဟာ သုံးလအတွင်း သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်တွေပေးဖို့ မလွယ်ကူနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ဘဏ်တွေ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရသလိုပဲ လေကြောင်းလိုင်းတွေမှာ လည်း အစိုးရရဲ့ ထောက်ပံ့ပေးမှုတွေ လိုအပ် မယ်လို့ ပီယာစီက ပြောပါတယ်။ ချိတ်ဆက် ဆောင်ရွက်မှုဟာ အခုအချိန်မှာအလွန်ကို အရေးပါလာပါပြီ။


လေဆိပ်တွေလည်း ဒုက္ခရောက်

ကမ္ဘာကြီးဟာ ဒီအကျပ်အတည်းကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း အကြီးအကဲဖြစ်သူ အလက်ဇန်းဒရီဒီဂျူနစ်ကာ က ပြောပါတယ်။ တကယ်လို့များ လေကြောင်း လိုင်းတွေအနေနဲ့ သက်သာချောင်ချိရေး ရန်ပုံ ငွေမရခဲ့ဘူးဆိုရင် ဆက်လက်ရှင်သန်ဖို့ဆိုတာ မတွေးဝံ့စရာပါပဲ။ ကိုရိုနာဗိုင်းရပ်စ် ခြိမ်း ခြောက်မှုကြောင့် လေကြောင်းလိုင်းတွေ ဒုက္ခရောက်ရသလို လေဆိပ်တွေမှာလည်း အကျပ်ရိုက်ရတာပါပဲ။ အပြည်ပြည်ဆိုင်ရာ ဥရောပလေဆိပ်များကောင်စီ ACI က သူတို့ဟာ လုံး၀ပြိုလဲတော့မယ့် အခြေအနေကို တောင့်ခံနေရတယ်လို့ ပြောပါတယ်။ ACI က ဥက္ကဋ္ဌဂျို့စ်လမ်မာကတော့ မတ် ၁၇ ရက်မှာပဲ ဥရောပသမဂ္ဂကို အစီရင်ခံစာရေးပြီး ဘဏ္ဍာရေး ဆိုင်ရာ အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။


တရားမဝင်ရှယ်ယာဝယ်ယူ
အမေရိကန်မှာလည်း ၂၀၀၈ ခုနှစ်တုန်းက လို အခွန်ထမ်းပြည်သူတွေရဲ့ရန်ပုံငွေနဲ့ လုပ်ငန်း တွေ ကို အကူအညီပေးရမယ့် အခြေအနေမျိုးနဲ့ တစ်ဖန်ကြုံလာပြန်ပါတယ်။ အမေရိကန် လေကြောင်းလိုင်းတွေဟာ အရင်နှစ်တွေတုန်း က အကျိုးအမြတ်ရရှိတဲ့ငွေတွေကို လေကြောင်း လိုင်းအရန် ရန်ပုံငွေ တည်ထောင်ရမယ့်အစား လေကြောင်းလိုင်းရဲ့ ရှယ်ယာဈေးတွေတက်ဖို့ အရေး တရားမဝင်ရှယ်ယာတွေ ဝယ်ယူခဲ့တယ် လို့ ဝေဖန်ရေးသမားတွေက ပြောပါတယ်။ အမေရိကန်လေကြောင်းလိုင်းတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ၉၆ ရာခိုင်နှုန်းနီးပါး တရားမဝင်ဘဲ ရှယ်ယာတွေ ဝယ်ယူခဲ့တယ်လို့ ဘလွန်းဘာ့ဂ်ျဒေါ့ကွန်းမှာ ဖော်ပြခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုအောက်မှာ တစ်ကမ္ဘာလုံးက လေကြောင်း လိုင်းတွေ ယိုင်နဲ့လာတာကတော့ အမှန်ပါပဲ။

 အေအက်ဖ်ပီ