လေကြောင်းဖြင့် ခရီးသွားလာမှု သုံးဆမြင့်တက်

ရန်ကုန် ၁၄  ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် လေကြောင်းဖြင့် ခရီးသွားလာမှုမှာ လွန်ခဲ့သော ၂ နှစ်ကထက် သုံးဆ မြင့်တက် လာကြောင်း  နိုင်ငံပိုင်လေကြောင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အမှုဆောင်အရာရှိချုပ်ကပ္ပတိန် ဦးသန်းထွန်းက ပြောသည်။

 

မြန်မာအမျိုးသားလေကြောင်းလိုင်း ပဉ္စမြောက်နိုင်ငံတကာခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ မတ်၂၅ ရက်မှ စတင်ကာ တစ်ပတ် နှစ်ကြိမ် တနင်္ဂနွေနှင့် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲမည့်အကြောင်း ယနေ့ မြန်မာအမျိုးသား လေကြောင်းလိုင်းရုံးချုပ်၌ ရှင်းလင်းမိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်စဉ် ကပ္ပတိန်ဦးသန်းထွန်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

"လွန်ခဲ့တဲ့ နှစ်နှစ်က  မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့  ခရီးသည် ငါးသိန်းလောက်ပဲ သယ်ပေးနိုင်ခဲ့ပါတယ်။ မနှစ်ကတော့ ခရီးသည် တစ်သန်းလောက် သယ်ပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်ကတော့ တစ်သန်းခွဲလောက်အထိ သယ်ပေးနိုင်ဖို့ ခန့်မှန်းထားပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ပြီးခဲ့တဲ့မိုးတွင်းကာလအတွင်း ခရီးသည် ခြောက်သိန်းနီးပါး သယ်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုပွင့်လင်းရာသီနဲ့ ဘဏ္ဌာနှစ်ကုန်အထိဆိုရင် ခရီးသည်တစ်သန်းခွဲအထိ ရှိလာမှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ လေကြောင်းခရီးသွားလာမှုဟာ သုံးဆ မြင့်တက်လာမှာဖြစ်ပါတယ်"ဟု ဦးသန်းထွန်းက ပြောသည်။

 

အဆိုပါလေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ ခရီးသွားများလာရောက်မှု ပြန်လည်တိုးတက်လာသည့် အလျှောက် ပဉ္စမြောက် နိုင်ငံတကာခရီးစဉ်ဖြစ်သည့် ဖူးခက်ကို ရွေးချယ်ပြေးဆွဲရခြင်းဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာခရီးစဉ်အဖြစ် စင်ကာပူ၊ ဟောင်ကောင်၊ ဗန်ကောက်နှင့် ချင်းမိုင် မြို့များသို့ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှုမှာ ပြန်လည်ကောင်းမွန်လာသည့် အနေအထားရှိပြီး၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ခရီးသွားလာရောက်မှုခရီးသည် ၃ ဒသမ ၂၅ သန်း ရှိခဲ့သည်ဟု သိရသည်။

 

၂၀၁၆ ခုနှစ်တွင် ၃ ဒသမ ဝ၃ သန်း လာရောက်မှုထက်ပိုမိုခဲ့ပြီး ဘတ်ဂျက်နှစ်ကုန် မတ်လကုန်အထိ တွက်လျှင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင်