ဒမတ်စကတ် အောက်တိုဘာ ၂၄
အစ္စရေးတပ်မတော်က မြို့တော် ဒမတ်စကတ်သာမက အလယ်ပိုင်းဟွမ်းမြို့သို့ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ဆီးရီးယားကာကွယ် ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အစ္စရေးအစိုးရက မည်သည့်မှတ်ချက်မှ မပေးသေးပေ။ အစ္စရေးဘက်က အီရန်ကျောထောက်နောက်ခံ ပြုထားသည့်ဒေသတွင်း စစ်သွေးကြွအုပ်စုနှင့် ဆက်နွှယ်နေသည့် ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ အစ္စရေးတပ်မတော်သည် အိမ်နီးချင်း လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ လက်ဘနွန်အခြေစိုက် ရှီယိုက်မူဆလင် ဟစ်ဇ်ဘိုလာအုပ်စုပိုင်ဆိုင်သည့် လက်နက်သိုလှောင်ရုံ နှင့် လက်နက်ထုတ်လုပ်ရေးအဆောက်အအုံများ ပျက်စီးခဲ့သည်ဟု အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။
အစ္စရေးတပ်မတော်သည် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဂျာဘာလီယာ၌ ထိုးစစ်ဆင်မှုများ အရှိန်မြှင့်တင်လာသဖြင့် ဒေသခံ ၂၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အဆိုပါဒေသ၌ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလှုပ်ရှားမှုကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ကျယ်ပြန့်နေသည့် ဒေသတွင်းပဋိပက္ခ များကို တားဆီးရေး ကြိုးပမ်းရန် အစ္စရေးနှင့် အာရပ်နိုင်ငံသို့ သွားရောက်နေသည့်တိုင် အစ္စရေး ဘက်က ၎င်း၏ထိုးစစ်ဆင်မှုများကို ဖြေလျှော့ပုံမပေါ်သေးကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ