တအေ့အေ့နဲ့ လေချဉ်တက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့ လေတွေကို အစာရေမျို ကနေ ပြန်စွန့်ထုတ်နေတာပါ။ အစား အမြန်စားမိတာ၊ အစာစားရင်း စကားပြောတာ၊ ပီကေ ဝါးတာ၊ ဂက်စ်ပါတဲ့ အချိုရည်တွေ သောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေ မျိုချမိစေနိုင်ပါတယ်။

 

အစာခြေရည် ပြန်ဆန်တက်ခြင်းနဲ့ ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေ ထွက်နေရတယ် ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံ ရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

 

လေချဉ်တက်ခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေက –

 

(၁) ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ

 

ဖြည်းဖြည်း စားသောက်မယ်ဆို လေတွေ သိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာ ပိုများစေနိုင်လို့ အစားစားချိန်မှာ စိတ်ကို ဖြေလျှော့ထားပါ။

 

(၂) ဂက်စ်ပါတဲ့ အချိုရည် နဲ့ ဘီယာကို ရှောင်ပါ

လေနဲ့ ပတ်သက်တဲ့ ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။

 

(၃) ပီကေဝါးတာ၊ သကြားလုံး၊ စုပ်လုံးစားတာ ရှောင်ပါ

ဒါတွေ စားတဲ့အခါ ပုံမှန်ထက် ပိုပြီး ခဏခဏ မျိုချရတာ များတာမို့ လေတွေ ပိုဝင်နိုင်စေတာပေါ့။

 

(၄) ဆေးလိပ်လျှော့သောက်ပါ

 

မသောက်ပါနဲ့လို့ တားလို့ရမှာ မဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကို ရှိုက်တဲ့အခါ လေကို နှာခေါင်းက ရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။

 

(၅) လှုပ်ရှားပါ

 

အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်း လမ်းလျှောက်လိုက်ပါ။

 

(၆) ရင်ပူနာ ကို ကုသပါ

 

အစာခြေရည် ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်း မထားဘဲ ကုသလိုက်ပါ။ ဆရာဝန်နဲ့ မပြသေးခင် ရုတ်တရက် ဖြစ်လာတဲ့ ဝေဒနာဆို အစာအိမ်လေနာ ပျောက်ဆေး တွေနဲ့တင် သက်သာစေ နိုင်ပေမယ့် ကြာရှည်လာရင်တော့ မကောင်းပါဘူး။

 

(၇) အဆီများတာတွေ သိပ်မစားပါနဲ့

အဆီက အစာချေဖျက်မှုကို နှေးစေတာကြောင့် အစာတွေကို ပိုပြီး အချိန်ကြာကြာ အချဉ်ပေါက်စေနိုင်ပါတယ်။

 

(၈) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ

ဂက်စ်ပါတဲ့ ဘူးအချိုရည်တွေ၊ ဘီယာ ၊ ဆိုဒါ တို့ကို သောက်လိုက်တဲ့အခါ လေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲ ရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကို လေတက်လိုက်ရင် ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက် ရွေ့လျားနေနိုင်တယ်။ တဂွီဂွီဖြစ်လိုက်၊ လေထိုးလိုက်ပေါ့လေ။

 

(၉) ဝမ်းမချုပ်အောင် ဂရုစိုက်ပါ

 

ဝမ်းက ပုံမှန်မသွားတာနဲ့ပဲ လေတွေ ထကြွတတ်ပါတယ်။ လေတက်မယ်၊ လေမတက်နိုင်၊ လေမလည်နိုင်ရင် လေထိုးလေအောင့် က စဖြစ်ပါလေရောပဲ။ ရေများများ သောက်၊ အမျှင်ဓာတ်များတာ စားပေးပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖို့ လိုပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”