ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေနိုင်ရုံတင်မကဘဲ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးမယ် ဆိုရင် ခန္ဓာကိုယ်အတွက် ကြွက်သားတွေကို တောင့်တင်းစေခြင်း၊ အဆီကျစေနိုင်ခြင်း ၊ နှလုံးအား ကောင်းစေနိုင်ခြင်း၊ သွေးပေါင် ထိန်းပေးနိုင်ခြင်းစတဲ့ ကောင်းကျိုးတွေ အများရှိပါတယ်။ ဒီနေ့ ဒီဆောင်းပါးလေးမှာကတော့ ကိုယ်လက်လေ့ကျင့်ခန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုနိုင်တယ် ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။
လေ့ကျင့်ခန်း လုပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်မှုများ
(၁) လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာ endorphin လို့ခေါ်တဲ့ စိတ်ခံစားမှုတွေကို ကောင်းမွန်စေနိုင်တဲ့ ဓာတုပစ္စည်း နဲ့ အခြား သဘာဝပစ္စည်းလေးတွေကို အများကြီးထုတ်ပေးပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ သင့်အတွက် လန်းဆန်းတက်ကြွပြီး ပျော်ရွှင်တဲ့ ခံစားမှုမျိုးရစေနိုင်ပါတယ်။ အဲဒီ endorphin လို့ခေါ်တဲ့ ဓာတုပစ္စည်းလေးတွေက နာကျင်မှုကို ဖြစ်စေနိုင်တဲ့ ခံစားချက်ကိုလည်း သက်သာစေနိုင်ပါတယ်။
(၂)ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နေ့စဉ်ကြုံတွေ့နေကြရတဲ့ စိတ်ဖိစီးမှုတွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
(၃)ဒါ့အပြင် ကိုယ်လက်လေ့ကျင်ခန်း ပုံမှန်လုပ်ခြင်းဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေကိုလည်း သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါ့ကြောင့်လည်း စိတ်ဓါတ်ကျတဲ့သူ တွေအတွက် လေ့ကျင့်ခန်းလုပ်ခြင်းကို ကုသနည်းတစ်ခု အနေနဲ့ အသုံးပြုကြပါတယ်။
(၄) ပုံမှန်လေး exercise လုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှု ဖြစ်ပါစေ တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှုရလာနိုင်ပါတယ်။ “ငါလုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်အပြင် ခန္ဓာကိုယ်လည်း သွယ်လျကျစ်လစ်လာတဲ့ အတွက် မိမိကိုယ်ကို ပိုပြီးယုံကြည်ချက် ရှိလာတဲ့အတွက် လူမှု ဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ပိုပြီး အဆင်ပြေ ချောမွေ့လာမှာပါ။
(၅)လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြသနာတွေကို ကုသပေးနိုင်ရုံတင်မကဘဲ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်အောင်လည်း ကူညီပေးနိုင်တဲ့အတွက် သင့်ရဲ့ နေ့ရက်တိုင်းဟာ အိပ်ရေးဝပြီး လန်းဆန်းတက်ကြွနေနိုင်မှာပါ။
ဒါဆို လေ့ကျင့်ခန်းကို ဘယ်လောက်ကြာကြာ လုပ်သင့်သလဲ
တစ်ကြိမ်ကို မိနစ် ၃၀ (သို့) ၄၅မိနစ်လောက် တစ်ပတ်ကို ၃ ရက်မှ ၅ရက် အထိ လုပ်ပေးသင့်ပါတယ်။ ပုံမှန်လေး ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးထိရောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်မှာပါ။
ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ကြမလဲ
ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်မယ့် လေ့ကျင့်ခန်း အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် စစချင်းလုပ်တော့မယ်ဆိုရင်တော့ ဘယ်လိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းမျိုးကို စိတ်ပါဝင်စား လဲ ဆိုပြီး အရင်ဆုံး စဉ်းစားသင့်ပါတယ်။ ဥပမာ – စက်ဘီးစီးခြင်း၊ ကခြင်း၊ အိမ်မှုကိစ္စများလုပ်ခြင်း ( တံမြက်စည်းလှဲ၊ ကြမ်းတိုက်၊ စသည်) ၊ ရေကူးခြင်း၊ တင်းနစ်ကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း ၊ လမ်းလျှောက်ခြင်း၊ Yoga ဆော့ခြင်းနဲ့ အခြားလေ့ကျင့်ခန်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်တိုင်ရွေးချယ် လုပ်ဆောင်နိုင်ပါတယ်။
ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေဖို့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ရင်း မိမိအတွက် အကျိုးရှိတဲ့ ဝါသနာလေးတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ကြပါစေ။
ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”