မန္တလေး၊ ၆ ဇန်နဝါရီ
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစဉ်က မန္တလေးမြို့သို့ နိုင်ငံတကာခရီးသွားဧည့်သည်များစွာနှင့် ပြည်တွင်းဘုရားဖူးများ လာရောက်သည့်နေရာများထဲတွင် ရန်ကင်းတောင်လည်း ပါဝင်သည်။ ခရီးသွားဧည့်သည်များမှာ သမိုင်းဝင်နေရာများစွာနှင့်အတူ ရန်ကင်းတောင်၊ မန္တလေးတောင်၊ ရေတံခွန်တောင်တို့ကို သွားရောက်လေ့လာကြသည်။ လက်ရှိကာလတွင် သဘာဝဂေဟစနစ်ဖြင့် လှပနေသော ရေတံခွန်တောင်တော်နှင့် သဘာဝအတိုင်း ကျင်လည်ကျက်စားနေသော မျောက်လေးများ၏ ပြုမူလှုပ်ရှားပုံများကို မှတ်တမ်းယူနိုင်သည်။ လူနှင့် ယဉ်ပါးနေသော မျောက်လေးများ အုပ်စုဖွဲ့ကာ အစာလာရောက်စားသောက်သည့် မြင်ကွင်းကို နိုင်ငံတကာခရီးသွားဧည့်သည်များ အထူးနှစ်ခြိုက်သဘောကျကြသည်။
ရှမ်းရိုးမတောင်တန်းနောက်ခံနှင့် ပြာလဲ့လဲ့ရေတံခွန်တောင်တော်ပေါ်တွင် မျောက်များစွာ သဘာဝအတိုင်း ကျင်လည်ကျက်စားနေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ခရီးသွားများကို အန္တရာယ်မပြုပေ။ မျောက်များကိုကျွေးမွေးသည့်နေရာအား သတ်မှတ်ထားသည်။ စည်းကမ်းတကျ ကျွေးမွေးခြင်းဖြင့် ဘုန်းတော်ကြီးကျောင်းသန့်ရှင်းမှုနှင့် ကျောင်းတွင်လှူဒါန်းထားသော ပစ္စည်းများ ပျက်စီးမှုမရှိအောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။
လူနှင့်ယဉ်ပါးနေသော မျောက်များမှာ တောင်ပေါ်မှ တောင်အောက်သို့ အုပ်စုလိုက်ခွဲကာ သူ့အချိန်နှင့်သူ ဆင်းလာတတ်သည်။ အစာကျွေးသည်နှင့် ကြုံသည့်အခါ မျောက်များ အလုအယက် စားသောက်ကြသည်။ ဘုရားဖူးများ အစာကျွေးခြင်းနှင့်မကြုံသော မျောက်များမှာ လက်ကျန်အစားအစာများကို စားလေ့ရှိသည်။ မျောက်ထီး၊ မျောက်မ၊ မျောက်ငယ်များစုံလင်သလို မိခင်မျောက်များက သားသမီးမျောက်များကို ကျွေးမွေးစောင့်ရှောက်သည့် မေတ္တာဘွဲ့မြင်ကွင်းကို လက်တွေ့မြင်တွေ့နိုင်သော တောင်တော်ပင်ဖြစ်သည်။ သဘာဝအတိုင်း ကျလာသောရေများကို ပိုက်များဖြင့် သွယ်တန်းထားသည့်နေရာတွင် မျောက်များ အတက်၊ အဆင်းပြုလုပ်ကာ ရေသောက်ဟန်၊ စားသောက်ဟန်၊ အော်မြည်သံနှင့်အတူ မျောက်များ၏သဘာဝအတိုင်း လှုပ်ရှားစားသောက်မှုကို မြင်တွေ့ရသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။
လက်ရှိကာလတွင် မန္တလေးမြို့အနီးမှ သဘာဝဂေဟစနစ်နှင့် ရေတံခွန်တောင်တော်သို့ ဘုရားဖူးများ နေ့စဉ်သွားရောက်ဖူးမြော်သလို မျောက်များကို အစာကျွေးခြင်းများလည်း ပြုလုပ်ကြသည်။ ရေတံခွန်တောင်တော်ကို သွားရောက်ခြင်းဖြင့် တောတောင်ရေမြေသဘာဝ၊ မျောက်သတ္တဝါတို့၏ နေထိုင်စားသောက်ဟန်၊ သားသမီးများကို ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းသည့် သဘာဝကျသော မိဘမေတ္တာဘွဲ့ သရုပ်ဟန်များကို လက်တွေ့မြင်တွေ့နိုင်သည်။ ရေတံခွန်တောင်တော်သည် ထူးခြားသောနေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။
တိမ်တမန်


