ပလိပ် ၂ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ မြောင်းဘောင်ရပ်ကွက်တွင် လက်ရာမြောက် ဗေဒါခြင်း၊ ရောင်စုံကြိမ်ခြင်းနှင့် ဆင်ပုံကြိမ်အမှိုက်ခြင်း လက်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိကာ နှစ်စဉ် ပုံစံသစ်များကို တီထွင်ကြံဆ ထုတ်လုပ်လျက်ရှိပြီး ဗေဒါဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ကြိမ်ပရိဘောဂပစ္စည်းများဖြင့် တွဲဖက်ပြုလုပ်ကြောင်း ကြိမ်နှင့်ဗေဒါ လက်မှုပညာရှင် ဦးမြင့်ဆွေထံမှ သိရသည်။
လက်ရာမြောက် ဗေဒါလက်မှုပစ္စည်းများ ရရှိရန်အတွက် ဗေဒါပင်ရေထဲမှ ဆယ်ယူခြင်း၊ အခြောက်လှန်းခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်းများကို ပြုလုပ်ပြီး ဗေဒါလက်မှုပစ္စည်းများကို အဆင့်ဆင့် ပုံဖော်ရက်လုပ်ကြရသည်။ ဗေဒါနံ့မထွက်စေရန်အတွက် ခေတ်မီနည်းပညာဖြင့် အနံ့ပျောက်စေရန် ပြုလုပ်ကြရသည်။ ဗေဒါခြင်းများကို အရည်အသွေးအလိုက် သုံးမျိုးခွဲခြား ပြုလုပ်ထားကာ ဗေဒါခြင်းတစ်လုံးလျှင် ငွေကျပ် ၄၅၀ဝ၊ ၅၀ဝ၀၊ ၅၅၀ဝ ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
ဗေဒါလက်မှုပစ္စည်းများ ပြုလုပ်ရောင်းချရာတွင် ဒေသအခေါ် ဝန်ထမ်းကိုင် ရောင်စုံဗေဒါခြင်း၊ ဗေဒါ စလင်းဘက်အိတ်၊ ဗေဒါလက်ဆွဲခြင်းများ၊ ဗေဒါမီးစလောင်း၊ ကြိမ်လင်ပန်း၊ တစ်ယောက်ထိုင် ကြိမ်ဗေဒါ ထိုင်ခုံ၊ ဆင်ပုံကြိမ်အမှိုက်ခြင်းနှင့် အခြားလက်ရာမြောက် ကြိမ်ထည်ပစ္စည်းများကို အဓိက ပြုလုပ်ရောင်းချကြသည်။
ဆင်ပုံ ကြိမ်အမှိုက်ခြင်းများ ပြုလုပ်ရာတွင် တစ်ပေ၊ တစ်ပေခွဲ၊ နှစ်ပေခွဲအဖြစ် ပုံစံသုံးခုဖြင့် ရောင်းချလျက်ရှိသည်။ ဆင်ပုံ ကြိမ်အမှိုက်ခြင်း ရောင်းချရာတွယ် တစ်ပေခွဲအရွယ်လျှင် ငွေကျပ် ခြောက်သောင်းကျပ်၊ နှစ်ပေအရွယ်လျှင် ရှစ်သောင်း၊ တစ်ပေအရွယ်လျှင် ငွေကျပ်နှစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရသည်။
တိမ်တမန်


