မန္တလေး၊ ၂၅ ဒီဇင်ဘာ
မြန်မာတို့၏ ယဉ်ကျေးမှုပွဲများထဲတွင် ရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲသည် ထိပ်ဆုံးမှပါဝင်သော ပွဲတစ်ပွဲပင် ဖြစ်သည်။ အညာဒေသတောရွာများတွင် အလှူကြီးပေးနိုင်မှ လူဖြစ်ရကျိုးနပ်သည်ဟုပင် စွဲမှတ်ထားကာသား ရှင်ပြုနိုင်ရေး အားထားလုပ်ဆောင်ကြသည်။ အလှူပွဲများတွင် မပါမဖြစ် ပါဝင်ကာ အလေးထားသည့်အရာမှာ အလှူမဏ္ဍပ် ပင်ဖြစ်သည်။
မဏ္ဍပ်တစ်ခုပြုလုပ်မှုတွင် ပန်းချီပညာကိုအခြေခံကာ ပြုလုပ်ကြရသည်။ ဝါးနှင့်အတူ ဝါးဖြင့် ပြုလုပ်ထားသော ရိုင်မှအစ စက္ကူ၊ မှိုင်း၊ လွှစာကို အသုံးပြုကာ သရိုးကိုင်သည့် အတတ်ပညာများဖြင့် ပြုလုပ်ကြရသည်။ မဏ္ဍပ်မပြုလုပ်ခင် ဒီဇိုင်း ထုတ်ကြရသည်။ တိုင်များအနေဖြင့် မုခ်ထောက်တိုင်၊ တိုင်ကြမ်း၊ တိုင်လုံး၊ တကဲမုခ်၊ ပုဂံမုခ်၊ ရတနာပုံမုခ်၊ ဒေါင်းမဏ္ဍပ်၊ ရတနာပုံမဏ္ဍပ်များအဖြစ် ဒီဇိုင်း အမျိုးမျိုးပြုလုပ်ကြသည်။
မုခ်အထားအသိုပေါ်မူတည်ကာ မုခ်အမည်များ ကွဲပြားသွားသည်။ ရတနာပုံမဏ္ဍပ်တွင် ဘေးမှ ယွန်းဆောင် ထုတ်ထားသည်။ ဒေါင်းမဏ္ဍပ်တွင်မူ မဏ္ဍပ်တစ်ခုလုံး ဒေါင်းပုံများဖြင့် တန်ဆာ ဆင်ထားသည်။ မဏ္ဍပ်တစ်ခုတွင် အသုံးအများဆုံး အရောင်မှာ ရွှေရောင်နှင့် အဝါရောင်ကို အများဆုံး အသုံးပြုကြ သည်။ မဏ္ဍပ်တစ်ခုပြုလုပ်ထားပြီးပါက မိုးမမိလျှင် ငါးနှစ် အထိ အသုံးပြုနိုင်သည်။ ထိုအတောအတွင်း ပျက်သည့် ပစ္စည်းမျာကို ပြင်ခြင်း၊ အရောင်တင်ခြင်း များကို ပြုလုပ်ပေးရသည်။
မဏ္ဍပ်ကို အလှူရက်တွင် ရရှိရေး ကြိုတင်စရံငွေပေးကာ ငှားရမ်းကြရသည်။ မဏ္ဍပ် သည် မြန်မာ တို့၏ လက်မှုအနုပညာစစ်စစ်ပင်ဖြစ်ပြီး ဝါးစက္ကူ မှိုင်းခံ ရွှေဆေးနှင့်တစ်ကွ ဆေးရောင်စုံတို့ကို အသုံးပြုကြသည်။ မဏ္ဍပ်တွင် မုခ်ဦး၊ ပြာသာဒ်၊ တိုင်လုံး၊ ပန်းဆွဲ၊ ချဉ်မိတ်၊ အထောက်၊ ရင်စို့တို့ကို ပန်းဖော်သရိုးတို့ဖြင့် အလှဆင်ထားသည်။ ရှစ်ခန်းပတ်လည် မဏ္ဍပ်တစ်ခုအတွက် ဝါးနှစ်ရာ မျောတိုင်ရှစ်လုံးနှင့် နှီးဖျာတို့ကို အသုံးပြုကြရသည်။
မဏ္ဍပ်ထိုးခြင်းကို အလှူပွဲမတိုင်ခင် နှစ်ရက်ခန့်မှ စတင်ထိုးပြုလုပ်ကြရသည်။ အလှူတစ်ပွဲ မဏ္ဍပ်ငှားခမှာ ကျပ် ၅ သိန်းမှ ကျပ် ၁၀ သိန်းကျော်အထိ ပေးကြရသည်။ ခရီးအနီးအဝေးနှင့် မဏ္ဍပ်ဆင်သည့်ပစ္စည်းအလိုက် ဈေးနှုန်းကွာခြားသွားကြသည်။ လက်ရှိကာလတွင် ကိုဗစ်-၁၉ ဖြစ်ပွားပြီး နောက်ပိုင်း ပွဲလမ်းသဘင်များ၊ အလှူပွဲများ မကျင်းပရခြင်းကြောင့် မဏ္ဍပ် ငှားသူ မရှိသော်လည်း မဏ္ဍပ်များ မပျက်စီးစေရန် ထိန်းသိမ်းပေးနေရကြောင်း သိရသည်။
တိမ်တမန်


