မန္တလေး ၁၆ နိုဝင်ဘာ

မန္တလေးမြို့သည် စိတ်ဝင်စားဖွယ်ရာ များစွာဖြင့် လေ့လာဖွယ်များစွာရှိသော မြို့ပင်ဖြစ်သည်။ အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို ဆိုသော အဆိုကို လူတိုင်းအလွတ်ရနေပြီး မန္တလေးတောင်သည်လည်း စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ မန္တလေးတောင်ထိပ်သည် ပင်လယ်ပြင်မှ အထက်ပေပေါင်း ၇၇၆ ပေ၊ တောင်ခြေမြေပြင်မှ ပေပေါင်း ၅၀၀ ကျော် မြင့်သည်။

မန္တလေးတောင်ကို တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားသည်ဟု ဆိုသည်။ တောင်ကိုးလုံးတွင် အချို့သော တောင်ငယ်များမှာ စေတီပုထိုး ကျောင်းဆောင်အသီးသီးကြောင့် တောင်ကုန်းဟုပင် မထင်ရတော့ပေ။ အချို့သောတောင်များမှာ ယခုတိုင် လှပစွာတည်ရှိနေသည်။

မန္တလေးတောင်သမိုင်းတွင် မဏ္ဍလေးတောင်(မန္တလေးတောင်)ဟု ခေါ်တွင်ကြောင်းနှင့် မန္တလေးတောင်သည် ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဆေးဒန်းတောင်၊ မြင်းသီလာတောင်၊ ဒုတ္ထာတောင်၊ ရေလှည့်တောင်၊ ကြေးနီတောင်၊ ဘီလူးမတောင်ဟု အမည်တွင်သော တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားခြင်းမှာ မန္တလေးတောင်ကို လာရောက်ကြသူများ ကြည်လင်ရွှင်ပျရာ ဖြစ်သောကြောင့် မဏ္ဍလေးတောင်(မန္တလေးတောင်)ဟု ခေါ်တွင်ကြောင်း တောင်တော်သမိုင်းတွင် ရေးသားထားသည်။

ယခုအခါ မန္တလေးတောင်၏ အနောက်မြောက်ထောင့်တွင်ရှိသော တောင်ကိုးလုံးတွင် ပါဝင်သည့် ပတ္တမြားတောင်မှာ ရှေးမင်းများတည်ထားခဲ့သော လက်ရာဟောင်း စေတီ၊ စောင်းတန်း၊ လှေခါးဟောင်းများဖြင့် တင့်တယ်လှပစွာ မြင်တွေ့နိုင်သည်။ တောင်ထိပ်စေတီမ မန္တလေးမြို့ရှုခင်းကို ကြည့်ရှုနိုင်ပြီး မန္တလေးတောင်၏ အလှကို အပေါ်စီးမှ ရှုမြင်နိုင်သည့် နေရာပင်ဖြစ်သည်။ ရှေးအခါက ပတ္တမြားကျောက်မြတ်ရတနာကို တွေ့ဖူးသည်ကို အကြောင်းပြုကာ ပတ္တမြားတောင်ဟု ခေါ်ကြောင်းသိရသည်။ ပတ္တမြားတောင်သည် မန္တလေးတောင်ကို ဝန်းရံထားသည်ဆိုသော တောင်ကိုးလုံးတွင် တစ်တောင်အပါအဝင်ဖြစ်သည့် အားလျော်စွာ စိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုအဖြစ် တည်ရှိနေသည်။

တိမ်တမန်